အချိန်တို့ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလို့ လာခဲ့၏။ ကုန်လွန်သွားတဲ့အချိန်တို့ကတော့ ပြန်မရနိုင်တော့ပေ။ ငယ်ရွယ် နုပျိုမှုတွေကောပေါ့။ အသက်အရွယ် အတိုင်းအတာ တခု ရောက်လာတော့ ငယ်ရွယ်စဉ်က အကြောင်းတွေ ပြန်တွေး ဖြစ်၏။ နောင်တရတာမျိုးတော့ မရှိပေ။ ဒီအတိုင်း သတိရမိရုံသာ။ ပစ္စုပ္ပန် မှာသာ နေထိုင်ဖို့ ကြိုးစားထားသည်မို့ လက်ရှိအချိန်၊ အနေအထားကိုလည်း လက်ခံ ကျေနပ် ပျော်ရွှင်မိပါ၏။ တခုပဲ ဒီကာလကြီးမှာ ယခင်လောက်တော့ လွတ်လပ် ပေါ့ပါး နေတာမျိုး မရှိပေ။ တစုံတရာက ဆွဲထားသည့်အလား လေးလံလို့နေ၏။
နေထိုင်မှု ပုံစံ မပြောင်းသွားပေမယ့် စဉ်းစား တွေးခေါ်ပုံတွေတော့ ပြောင်းသွားခဲ့၏။ ကိစ္စရပ် တော်တော်များများမှာ သူ့ဖက် ကိုယ့်ဖက် မျှပြီး တွေးတက်လာခဲ့၏။ လုပ်ချင်တာနဲ့ လုပ်သင့်တာကိုလည်း ချိန်ညှိလာနိုင်ခဲ့၏။ ကိုယ့်ကိုတော့ တဖြည်းဖြည်း ရင့်ကျက်လို့ လာပြီဟု ထင်မိ၏။ အတွေးအခေါ်ပိုင်း ရင့်ကျက်လာပေမယ့် နေထိုင်မှုပုံစံကတော့ လူငယ်ဆန်ဆန်သာ။ နောင်လည်း လူငယ်ဆန်စွာ ဆက်လက် နေထိုင်သွားဖို့ ရှိ၏။
နေထိုင်မှု ပုံစံ မပြောင်းသွားပေမယ့် ပြောင်းဖို့တော့ လိုအပ်လာပြီ ဖြစ်၏။ အသက်အရွယ်က ၂၀ ကျော်မှ မဟုတ်တော့ဘဲ။ ၃၀ ကျော် ၄၀ နားကပ်လာနေပြီမို့ နေထိုင်မှု ပုံစံ ပြင်သင့်က ပြင်ရပေလိမ့်မည်။ အသက် မရှည်တောင် အနာမဲ့စွာ နေထိုင်နိုင်ဖို့က ကျနော့် အတွက် ပို အရေးကြီး၏။ အသက်ရှည်ရှည် နေရ မရက တခါတလေ ကံနဲ့လည်း ဆိုင်သေးသည် မဟုတ်လား။ တချို့တွေ သက်တမ်းမပြည့်သေးဘဲ ကံကုန်တော့ နှုတ်ဆက်ထွက်ခွာ သွားကြရတာပါပဲ။
အနာဂတ်ကို တွေးပူဖို့ နည်းနေလို့ကို တခါတလေ အမေကတောင် ပြန်ပြန် သတိပေးယူနေရ၏။ မင့် အသက် မငယ်ဆော့ဘူး၊ ရှေ့ရေးလေး ဘာလေးလည်း စဉ်းစားထားဦးနဲ့ပေါ့။ အမေ ပြောလည်း ပြောချင်စရာပင်။ ကျနော်ကလည်း မေ့မေ့လျော့လျော့နေခဲ့တာ များနေပြီ မဟုတ်လား။ နှစ်သစ်မှာ ပြင်သင့်တာတွေကို ပြင်ကို ပြင်မှ ရပေလိမ့်မည်။