နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးလေပြီ။ နှစ်ဟောင်းက မိမိကို ပြန်ကြည့်မိတော့ ဘာမှ မပြောင်းလဲသေးပေ။ အရင်ထက် ပိုတည်ငြိမ် ရင့်ကျက်လာသလို အရင်ထက်လည်း အပျင်းထူလို့လာ၏။ အရ အမိထက်၊ မရလည်း နေပါစေ ဆိုတဲ့ စိတ်တွေ ပိုများလာ၏။ ကြိုးစား အားထုတ်မှု အတော်လေး နည်း (ယခင်ထက် ပိုနည်း) လာခဲ့သည်ဟု ဆိုလို့ရ၏။ ဘာမှ မလုပ်တာကြာတော့ ဘာမှကို မလုပ်ချင်၊ မလုပ် ဖြစ်တော့ပေ။ ပျင်းရင် ဖျင်းသွားလိမ့်မယ်ဆိုတဲ့ စကားက တကယ်မှန်၏။ ဒီအတိုင်းဆို အချိန်မှီ မပြင်ရင် ငပျင်းကောင်ကနေ ငဖျင်းကောင် ဖြစ်သွား ပေလိမ့်မယ်။
တနှစ် တနှစ် ဘာဖြစ်ရမယ် ဘာလုပ်ရမယ်ဆိုသည့် plan မျိုး ကျနော့်မှာ မရှိနေပေ။ ခုမှ မရှိတာ မဟုတ် ယခင် ကတည်းက မရှိတာ။ ထိုသို့ plan မရှိနေလို့လည်း တိုးတက်သင့်သလောက် မတိုးတက်တာဟု ပြောလို့ရမည်ထင်၏။ ကြိုးစားနေတာပဲလေ ဆိုပေမယ့် တကယ်က လိမ်နေတာ။ လုံ့လစိုက် ကြိုးစားမှုမျိုး မဟုတ်ဘဲ ဒီအတိုင်း သာမန် လုပ်ဆောင်မှုမျိုးလောက်သာနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေမိ၏။ အစီအစဉ်တော့ ချမှ ရတော့မည်။ နို့ဆိုရင် ဒီနှစ်လည်း ယခင်နှစ်တွေလိုပဲ ဖြစ်နေပေလိမ့်ဦးတော့မည်။
ဘဝမှ ခက်ခဲ ခဲ့တယ် ဆိုပေမယ့် သိပ် ပင်ပင်ပန်းပန်းကြီး ဖြတ်သန်းခဲ့ရတာမျိုးတော့ မရှိပေ။ ဘဝ မနာခဲ့ရဘူးပေါ့ဟုပဲ ဆိုရလေ မလားတော့ မသိပေ။ မခံချင်စိတ်နဲ့ ကြိုးစား လိုက်ဖို့လည်း မရှိနေပေ။ ပြန်စဉ်းစားကြည့်တော့ ကျနော့်ဘဝက တော်တော်လေးကို သာမန်ရိုးကျ ဆန်လွန်း၏။ ကျနော့် comfort zone က PUBG ထဲကလို မကျဉ်းသွားဘဲ ပိုပိုပြီး ကျယ်လာခဲ့သည် ထင်၏။ ထို့ကြောင့်လည်း Chicken dinner မစားရတာ ဖြစ်ပေလိမ့်မည်။
အသက်အရွယ်လည်း တခုရှိလာနေပြီမို့ ဘဝအတွက် သေချာလေး စဉ်းစားဖို့တော့ လိုမည် ဖြစ်၏။ နေတတ်သလိုထက် နေချင်သလို နေပစ်နေတာ များခဲ့ပြီ။ လေ့လာစူးစမ်းမှုတွေလည်း နည်းသွားခဲ့ပြီ။ လုံ့လစိုက်ထုတ်ဖို့ မပြောနဲ့ မပျင်းအောင်သာ ပြန်ပြန်လို့ သတိပေးနေရ၏။ ဒီနှစ်ထဲမှာတော့ ပြင်ကြည့်ဖို့ ကြိုးစားရပေလိမ့်မည်။ အောင်မြင်သော လူတယောက်မဟုတ်တောင် ပိုမို ပျော်ရွှင်သော လူတယောက်တော့ ဖြစ်အောင်ပေါ့။ ကိုယ် ပျော်ရွှင်၊ ကိုယ် တိုးတက်မှ မိမိ မိသားစု၊ ပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင်မည် မဟုတ်ပါလား။