မနေ့က သူငယ်ချင်း တယောက် အိမ်ပြောင်း၏။ ခင်တာတော့ တနှစ် မပြည့်သေးပေ။ လွိုင်ကော်က ဖြစ်၏။ တောင်ကြီးမှာ (စစ်ရှောင်) လာနေတာ တနှစ်ကျော်သွားခဲ့ပြီ။ ကျနော်တို့ အသင်းမှာ ဘောလုံးလာကန်ရင်းကနေ ရင်းနှီးသွားခြင်း ဖြစ်၏။ ခင်ဖို့ကောင်း၏။ ပစ္စည်းတွေတော့ သိပ်မများပေ။ အိမ်သုံး ပစ္စည်းထက် ဆိုင် ပစ္စည်းတွေ များနေခြင်း ဖြစ်၏။ လွိုင်ကော်မှာ သူတို့က ကလေး အသုံးအဆောင်၊ အစားအသောက်၊ ဓါတ်စာ အာဟာရ တွေ ရောင်းသည့်ဆိုင် ဖွင့်ထား၏။ ထိုပစ္စည်းအချို့ ဒီကို သယ်ထားခြင်း ဖြစ်၏။ တဝက်ကျော်လောက်ကတော့ လွိုင်ကော် အိမ်မှာ ဒီအတိုင်း ပစ်ထား လိုက်ရ၏။
သူ ပြန်ပြောပြသည့် ဇာတ်လမ်းထဲမှာ ၅၅ လက်မ TV ကြီးကတော့ စိတ်မကောင်းစရာပင်။ ပစ်ကြခတ်ကြတော့ ရှောင်ရတိမ်းရမှာ ဆိုပြီး အနှီ TV ကို မသယ်နိုင်သဖြင့် ထားခဲ့ရ၏။ လူတွေ မရှိတုန်းမှာ သူခိုးကလည်း သေချာလေး ဖြုတ်ကာ ယူသွားလေ၏။ TV ထည့်သည့် ကတ်ထူ box ထဲကိုပါ သေချာလေး ထည့်ပြီး ယူသွားလိုက်သေးသည် ဆို၏။ သူခိုးအတွက် အတော်လေး အဆင်ပြေသွားခဲ့၏။
တကယ်တမ်း ဖြစ်လာပြီဆို ဒီလိုပဲ။ အသက်ထက် ဘာမှ အရေးမကြီးဘူး မလား။ တခြား မိမိ နှင့်အတူ သယ်သွားလို့ရသည့် တန်ဖိုးရှိ ပစ္စည်း၊ ပိုက်ဆံတို့လောက်သာ သယ်သွားနိုင်၏။ တချို့ဆို ထိုအရာလေးတွေတောင် မယူနိုင်ဘဲ ပြေးကြရတာလည်း ရှိ၏။ ရှောင်တာကလည်း ဒီအတိုင်း ရှောင်လို့မှ မရဘဲကိုး။ ပိုက်ဆံ လေး ဘာလေး ပါလာမှသာ သူများမြို့ရွာမှာ နေထိုင် လုပ်ကိုင်စားလို့ရမည် မလား။ အဖိုးတန် ပစ္စည်းတွေနဲ့ ပြေးရပြန်တော့လည်း မလုံခြုံပေ။ မိမိအသက်ကော ပစ္စည်းကိုကော စိတ်ပူနေရပြန်၏။ ခေတ်ပျက်ကြီး မလား။
Crypto သမားတွေက ဒီနေရာမှာ တပန်းသာ၏။ USDT ပြောင်းထားမလား၊ ဒါမှမဟုတ် မိမိနှစ်သက်ရာ tokens, coins တို့ကို ဝယ်ယူထားမလား အစရှိသဖြင့် ပြောင်းလဲထားနိုင်၏။ Hive မှာ ဆိုရင်လည်း Hive Dollar အဖြစ်ပြောင်းပြီး saving ထဲထည့်ကာ အတိုးယူထားလို့ ရနိုင်သေး၏။ ဆုံးရှုံးနိုင်ခြေများကို တွက်ချက်ပြီး ဆုံးရှုံးမှု မရှိအောင် လုပ်နိုင်သည် မဟုတ်လား။ လိုရင်ကြံဆ နည်းလမ်းရပေါ့။
March လထဲတော့ သူတို့ လွိုင်ကော် ပြန်ကြမယ် ပြော၏။ စိတ်ချရလို့လား မေးမိတော့ မချရလည်း ပြန်တော့မယ်တဲ့။ ခု အိမ်ပြောင်းရတာကလည်း လက်ရှိ အိမ်ရှင်က ၆ လ မချုပ်ရင် ဆက်ငှားဖို့ မဖြစ်နိုင်ဟု ပြောသဖြင့် နောက်တနေရာ ရှာရခြင်း ဖြစ်၏။ ယခုနေရာကတော့ ၃ လ ချုပ်လို့ရ၏။ စစ်ဘေးရှောင်သူတွေ များလာတော့ အိမ်အငှားတွေလည်း ယခင်ထက် ပိုသွက်လာ၏။ လူတွေ၏ အကျင့်တွေလည်း ပေါ်လာလေတော့၏။
ယခု အိမ်ရှင်လိုမျိုးဆိုရင် တကယ်ဆို ၃ လ ချုပ်နဲ့လည်း လုပ်ပေးသင့်သည်ဟု ကျနော် မြင်မိ၏။ ကိုယ်ချင်းစာစိတ်လေးသာ ရှိမယ် ဆိုရင်ပေါ့။ တဖက်လူ အခက်အခဲကို မိမိ ကူညီနိုင်သလောက်လေး ကူညီပေးသင့်၏။ ခုတော့။ ကျနော်တို့ ဆီမှာမှမဟုတ် စစ်ရှောင်တွေ ရှိသည့် တခြားမြို့ရွာတွေမှာလည်း ယခုလို ဇာတ်လမ်းမျိုးတွေ ကြားနေရ၏။ ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးသည့် အိမ်ရှင်တွေလည်း ရှိတော့ ရှိပါရဲ့။ တချို့တွေကတော့ လောဘ ကြီးကို ကြီးလွန်းလှ၏။ တော်လောဘနဲ့ မတော်လောဘ လောက်လေးကိုတော့ ခွဲခြား ဆင်ခြင်မိစေချင်ပါ၏။