လောက နိဗ္ဗာန်ကတော့ ဘယ်ဆီ ဘယ်ဝယ်ရယ် မသိ၊ လောက ငရဲကတော့ ကိုယ်တွေ အနီးမှာပင်။ ပြီး လောလောလတ်လတ်ကို ခံစားနေကြရ၏။ ခံစားကြရတဲ့ ပုံစံချင်းသာ မတူကြမယ် နာကျင် ကြေကွဲရတာကတော့ အားလုံး အတူတူပင်။
ငယ်ငယ်က ဖယောင်းတိုင်မီး၊ ရေဒီယို ကတ်ဆက်ဇာတ်လမ်းတွေနဲ့ ကြီးပြင်းခဲ့ရ၏။ တီဗီ ရုပ်ရှင်တွေ ကြည့်ခွင့်ရခဲ့ရင်တော့ တကယ့်ကို ပျော်စရာပင်။ အရွယ်ရောက်ပြီးနောက် Internet ဆိုတာကြီးနဲ့ ထိတွေ့ခွင့် ရခဲ့၏။ တီဗီ မကြည့်ရ မနေနိုင်ခဲ့သည့် အရွယ်ကနေ Internet မရှိ၊ မသုံးရ မနေနိုင်သည့် အရွယ်သို့ ရောက်ခဲ့၏။ ယနေ့ခေတ်ကလည်း Internet သာ မရှိရင် အဆင်မပြေလောက်ပေ။ မရှိလည်း ရှင်သန်နေထိုင်လို့ ရပေမယ့် ရှိရင်တော့ ပိုမို လွယ်ကူ ချောမွေ့ ပေလိမ့်မည်။
လျှပ်စစ်မီး ယခင်ထက် ပိုပျက်လာခဲ့၏။ အမေစု လက်ထက်မှာ မှန်နေသည့် မီးက ဘဘချီး လက်ထက်မှာ မလာ တလှည့် ပျက် တလှည့် ဖြစ်သွားခဲ့၏။ အချိန်ပိုင်းနဲ့သာ ပေးတော့၏။ အစပိုင်းတုန်းက မီးမမှန်ပေမယ့် Wifi တွေကို power bank တွေနဲ့ သုံးလို့ ရသေး၏။ ဒီရက်ပိုင်းမှာတော့ မရတော့ပေ။ လိုင်း ရှိနေပေမယ့် သုံး၍ မရနေပေ။ တခုခုက ပိတ်ဆို့ တားဆီးနေသည့် အလားပင်။ ဘယ်လိုမှ အဆင်မပြေပေ။
Wifi မရလို့ Mobile data နဲ့ သုံးပြန်တော့လည်း လိုင်းက မကောင်းနေပေ။ စာရေး ပိုစ့်တင်ဖို့ ခက်သည့်အပြင် ကလစ်ဖို့ပါ ပိုလို့ ခက်လာခဲ့၏။ VPN က အဆင်မပြေရသည့်အထဲ လိုင်းက မရ၊ မကောင်းနေတော့ အတော်လေး အခက်တွေ့ရ၏။ 1988 ကာလတဝိုက်မှာ မွေးခဲ့တဲ့ ကိုယ်တွေ အဖို့ အဆိုးအကောင်းတွေကို အထိုက်အလျောက် တွေ့မြင် ခံစားခဲ့ရပြီးပြီ။ ဘဘချီး လက်ထက်မှာမှ ကျောင်းပြီးလို့ လူငယ် သဘာဝ လွတ်လပ်စွာ ပျံသန်းလိုပေမယ့် တောင်ပံတွေ ချိုးခံရ၏။ ကျောင်းမပြီးသေးဘဲ အပျံသင်မယ့် လူငယ်တွေ အဖို့မှာလည်း အပျံခက်လေတော့၏။
ကိုယ်တွေကော၊ ကိုယ်တွေရဲ့ အောက် နောက်မျိုးဆက်ပါ လမ်းတွေပျောက်လို့ ဘာလုပ်လို့ ဘာကိုင်ကြရမည်ကို မသိ ဖြစ်နေတော့၏။ လူတစု အာဏာရူးမှုက လူအများကြီးကို ထိခိုက်စေတော့၏။ လက်ရှိ အခြေအနေသာ ရုပ်ရှင် တကား ဆိုရင်လည်း ဇာတ်သိမ်းပိုင်းကို ခပ်မြန်မြန်လေး ရောက်လိုလှ၏။ ရောက်နိုင်အောင်လည်း နိုင်သလောက်တော့ ကူနေပါ၏။ အချိန်တန်ရင် ရောင်နီက ရောက်လာမှာ မှန်ပေမယ့် အမှောင်ညတွေက ပသို့ကြောင့်များ ရှည်ကြာနေသနည်းဟု ရေရွတ်နေမိ၏။