Need to Escape from Comfort Zone

in #hive-12213319 days ago

ဒီရက်ပိုင်းထဲ wifi လိုင်းတွေ အတော်လေး ကျနေ၏။ ယခင်က ခဏတဖြုတ်သာ လိုင်းကျလေ့ ရှိပေမယ့် ခုက အချိန် နာရီတော်တော်ကြာ လိုင်းကျလေ့ ရှိ၏။ ဘာမှ လုပ်မရ ပြုမရအောင်ထိကို ကျ၏။ wifi connected ဖြစ်ပေမယ့် လိုင်း မရှိ၊ မရနေခြင်း ဖြစ်၏။ ကိုယ်ယူထားတဲ့ wifi ကပဲ ဖြစ်နေတာလား ဆိုပြီး တခြား wifi ယူထားသည့် သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်း အတူတူပဲဟု ဆို၏။ သို့နှင့် ငါတို့ မြို့ပဲ ဖြစ်နေသလားဆိုပြီး တခြားမြို့က သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်း လိုင်းမကောင်းကြောင်း သိရ၏။ ပသို့ ကြောင့်ရယ် မသိ။

အင်း ဘဘကြီး လက်ထက်မှာတော့ ဘာမှ ကောင်းလာဖို့ မမြင်ပေ။ သူ့လက်ထက် ကောင်းလာတာဆိုလို့ ကုန်ဈေးနှုန်းနဲ့ အခက်အခဲ ဒုက္ခတွေသာ ရှိမည်။ ကုန်ဈေးနှုန်း တိုးတက်လာမှု နှင့်အတူ အခြေခံ ပြည်သူတွေ၏ စားဝတ်နေရေးက ပိုမို ခက်ခဲလို့ လာ၏။ ခုဆို အခြေခံ လူတန်းစားတွေသာမက လူလတ် တန်းစားတွေပါ ခက်ခဲလို့ လာခဲ့ပြီ။ လူကုံထံတွေလည်း မချောင်ပါဘူးလေ။ အာဏာရှင် စနစ်ဆိုး အောက်မှာ ချမ်းသာရာ ရပါတယ်ဆိုလို့ သူတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းတွေလောက်သာ ရှိမည်။

သူတို့လည်း ရေရှည်မှာ အဆင်ပြေဖို့ မလွယ်တော့ပေ။ တော်လှန်ရေး အရှိန်အဟုန် မြင့်မားလာမှု နှင့်အတူ အဓမ္မဘက်က လူများ မျက်ခုံးလှုပ်လို့ နေကြပြီ။ အဓမ္မက အချိန်ကြာကြာ ကြီးစိုးကောင်း ကြီးစိုးလိမ့်မယ် နို့ပေမယ့် အဆုံးမှာ ဓမ္မကသာ အနိုင်ရပေလိမ့်မည်။ အမှန်တရားကား တန်ဖိုးကြီးလှ၏။ အရင်းအနှီး များလှ ပေ၏။

တဖြည်းဖြည်း ခက်ခဲ ဆိုးရွား လာသော အခြေအနေတွေကြောင့် ဘာလုပ်လို့ လုပ်ရမယ်မှန်းကို မသိတော့ပေ။ နိုင်ငံခြား ဘာညာ ထွက်ဖို့ ကြပြန်တော့လည်း ဒီအသက်ကြီး ရောက်မှ ဘာအလုပ်နဲ့ သွားရမည်နည်း။ IT နဲ့ ပတ်သက်တာတွေကလည်း မေ့သွားပြီ။ စာသင်သည့် အလုပ်ကကြပြန်တော့ ကိုယ်သင်တာက အထက်တန်းအဆင့် မြန်မာနဲ့ ဓါတုဗေဒ ဖြစ်နေ၏။ ဘာ ဘာသာစကားတက်လည်း ဆိုတော့ English ကို နားလည်ပေမယ့် ပြောဆိုဖို့ရာမှာ ထမင်းစား ရေသောက် အဆင့်လောက်သာ ပြောနိုင်၏။

ထိုင်း သို့မဟုတ် တရုတ်စာလေး၊ စကားလေး တတ်ရင်လည်း မဆိုးဘူးရယ်။ ခုတော့ လမ်းစ ရှာမရနဲ့ ပိတ်မိနေ၏။ အခွင့်အလမ်း မရသေးခင် လေ့လာမှုတွေကိုတော့ လုပ်ထားဖို့လိုမည်။ ကြုံကြိုက်လာချိန် အဆင်သင့် ဖြစ်နေအောင်ပေါ့။ ခုတော့ ပိုစ့်တင်ဖို့ စာရေးရင်း နေ့ရက်တွေကို ဖြတ်သန်းရပေလိမ့်ဦးမည်။

(photos created by Canva)