တရက်သားက ခြံထဲက (အိမ် အဟောင်း) အလေ့ကျ ပန်းပင်လေးတွေ အကြောင်း ရေး ဖြစ်၏။ ခြံဘက် ရောက်ရင်းက အတွေးလေး ဝင်မိသွားလို့ ရေး ဖြစ်ခြင်း ဖြစ်၏။ တနေ့က ပုံတွေ သေချာ မရိုက်ခဲ့ရပေ။ ပန်းတွေကလည်း သိပ် မပွင့်နေသေးဘူးကိုး။ မိုးရာသီ မရောက်သေးတော့ မိုးကြိုပန်း ပွင့်ဖို့က အဝေးကြီး လိုဦးမည်။ မိုးအကုန် ဆောင်းအကူးမှာ ပွင့်သည့် တခြား ပန်းလေးတွေတော့ ရှိပါ၏။ ဒါပေမယ့် အုံနဲ့ကျင်း အစုအဝေး အများကြီး ပွင့်ကြတာမျိုး မဟုတ်ပေ။ ဒီနေ့ ထပ်ရောက် ဖြစ်တော့ နေကြာရိုင်းတွေ ပွင့်နေတာနဲ့ ကြုံ၏။ ဟိုတရက် လာတုန်းက မပွင့်သေးပေ။
အဝင်လမ်း ဘေးကပ်လျက်မှာ စီရရီပေါက်နေကြပုံက လှနေ၏။ အရိုင်းဆိုပေမယ့် အမြင်မှာ ယဉ် လွန်းလှပေ၏။ မပြုမပြင်နဲ့ သဘာဝအတိုင်း အလေ့ကျ ပေါက်တာ ဆိုတော့ သူ့ အချိန်ကာလ ရောက်သည်နှင့် အတားအဆီးမရှိ ပွင့်လန်းလာလေ့ ရှိ၏။ ကျနော်လည်း စိတ်ကူးလေး ရသဖြင့် ဓါတ်ပုံ အနည်းငယ် ရိုက် ဖြစ်လိုက်၏။
အရပ်အခေါ် (ကန်တော့) ခွေးသေးပန်းပင် တို့ကလည်း မြက်ရိုင်းတွေကြားထဲ ထိုးထိုးထောင်ထောင် ပွင့်နေပြန်၏။ အလှတရားသည် စိတ်နဲ့သာ ဆိုင်သည် မဟုတ်လား။ အဖိုးတန်တယ် မတန်တယ်တွေ ငြင်းခုံ နေစရာမလို အားလုံးက သူ့တန်ဖိုးနဲ့ သူ မလား။