မနေ့က ကျနော် ပိုစ့်တင်ပြီး မိနစ်ပိုင်း အကြာမှာ Man United နည်းပြ Ten Hag ထုတ်ပယ်ခံလိုက်ရသည့် သတင်း တက်လာခဲ့၏။ Ten Hag အတွက် စိတ်မကောင်းမိပေမယ့်လည်း ပျော်သွားတာကိုဝော့ ဝန်ခံရပေလိမ့်မည်။ နည်းပြထုတ်တာ အဖြေ မဟုတ်ဘူးဟု ပြောသူတွေ ရှိနေပေမယ့်လည်း Ten Hag အတွက် အချိန်က လိုတာထက်ပင် ပိုနေပြီဟု ထင်မိ၏။ သူ့လက်ထက်မှာ ဖလားတွေ (League Cup & FA Cup) ရတာ မှန်ပေမယ့် အသင်း၏ ကစားပုံ၊ ကစားကွက်က ထူးခြား ကောင်းမွန် လာတာမျိုး မရှိနေပေ။
အဆိုးဆုံးက ဒီနှစ်ဟု ဆိုရမည်။ အနိုင်ရသင့်သည့်ပွဲတွေ မနိုင်တာ။ United ဆိုတာ ဒါဟု ချပြလို့ရသည့် ပုံစံမျိုး မရှိနေတာတွေက အတော် ဆိုးလှ၏။ ရေရှည်မှာ ကောင်းလာနိုင်သည့် အရိပ်အရောင်လည်း မမြင် မခံစားမိနေပေ။ သူ့ကို ထပ်ထားနေမယ်ဆိုရင် အသင်းက ယခုထက် ပိုဆိုးသည့် အနေအထား ရောက်သွားနိုင်၏။ အချိန်မှီ ပြင်ဆင်နိုင်ဖို့ လုပ်သင့်တာကိုတော့ လုပ်ရမည် ဖြစ်၏။
ဂန္ဒဝင် နည်းပြကြီး Sir Alex အလွန်မှာ ဘယ်နည်းပြမှ 3 ရာသီ၊ 3 နှစ်ထက် ပိုပြီး ကိုင်တွယ်ထားနိုင်ခြင်း မရှိသေးပေ။ ခု Ten Hag လည်း 2 နှစ်ပြည့် အပြီးမှာ United နဲ့ လမ်းခွဲ သွားခဲ့ရပြီ ဖြစ်၏။ United fan တော်တော်များများ ပျော်နေကြမှာ အမှန်ပေ။ 19 သင်း fan တွေကတော့ ဝမ်းနည်း နေကြမှာ အသေအချာပင်။ (နောက်တာ)
နည်းပြသစ် အနေဖြင့် ဘယ်သူ့ကို ခန့်အပ်မည်တော့ မသိသေးပေ။ နာမည်ထွက်နေသည့် နည်းပြတွေလည်း အတော်လေး များ၏။ လောလောဆယ်တော့ ကစားသမားဟောင်းလည်း ဖြစ်၊ လက်ထောက်နည်းပြလည်း ဖြစ်သည့် Ruud Van Nistelrooy က ယာယီ နည်းပြ အဖြစ် အသင်းကို ကိုင်တွယ် မည် ဖြစ်၏။ နည်းပြသစ် ခန့်မလား၊ လက်ထောက် နည်းပြကိုပဲ Head Coach အဖြစ် ခန့်အပ်မလားကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။ တခု ရှိတာက United သည် နည်းပြတွေ အတွက် သင်္ချိုင်း မဖြစ်စေလိုပေ။ နည်းပြတွေ အတွက်ကော၊ အသင်း အတွက်ကော မကောင်းပေ။ လူမှန် နေရာမှန် ရှာတွေ့ပြီး United ခေတ်ကို တဖန်ပြန်လည်လို့ ပုံဖော်နိုင်ပါစေ။
အရာရာအတွက် ကျေးဇူးပါ Ten Hag ရေ ...
(photo from Sky Sports)