That is United

in #hive-1221338 days ago

Super Sunday မှာ ကစားသွားသည့် Arsenal vs Manchester United တို့၏ FA Cup ပွဲစဉ်က လူပြောများ၊ လူ စိတ်ဝင်စားသည့် ပွဲစဉ် တပွဲ ဖြစ်ခဲ့၏။ Arsenal အတွက်ကော၊ United အတွက်ကော ယခုပွဲစဉ်က တကယ့်ကို အရေးပါလှ၏။ Round 3 အဆင့်မှာ အသင်းကြီး 2 သင်း အစောလာတွေ့ဆုံနေတာက သိပ်တော့ မကျေနပ်ချင်စရာ။ ဘာပဲ ပြောပြော တသင်းကတော့ FA Cup ကနေ နှုတ်ဆက် ထွက်ခွာရပေတော့မည်။ မနှစ်က ချန်ပီယံ United လား၊ ဒါမှမဟုတ် ဖလားတွေနဲ့ ဝေးကွာနေတာ ကြာပြီ ဖြစ်သည့် Arsenal လားပေါ့။

Arsenal ၏ အိမ်ကွင်း ဖြစ်နေတာရယ် ပြီး လက်ရှိ United အသင်း၏ အနေအထားအရ Arsenal ကို အနိုင်ရဖို့က ခက်ပေလိမ့်မည်။ United အနေနဲ့က နောက်ဆုံး ကစားထားခဲ့သည့် 5 ပွဲမှာ 4 ပွဲရှုံးပြီး 1 ပွဲသရေကျထား၏။ သရေပွဲက Liverpool နှင့် ပွဲ ဖြစ်၏။ Liverpool နှင့်ပွဲမှာ ပုံစံကောင်း ပြန်လည် ရရှိခဲ့သည့် United တို့ Arsenal နှင့် ပွဲမှာပါ အဆိုပါ ပုံစံကောင်းကို ဆက်လက် ထိန်းထား နိုင်မလားကတော့ စိတ်ဝင်စား စရာပင်။

ပထမပိုင်းမှာ ပွဲက အတော်လေး ကြည့်ကောင်းခဲ့၏။ ဒုတိယပိုင်း အစ 52 မိနစ်မှာ United တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ သို့ပေမယ့် 61 မိနစ်မှာ Dalot နှစ်ဝါတနီနဲ့ အထုတ်ခံလိုက်ရ၏။ Arsenal လို အသင်းကို တယောက်လျော့နဲ့ နာရီဝက်လောက် ခံကစားထားနိုင်ဖို့က ခက်လှပေ၏။ ထင်ထားသည့်အတိုင်း Dalot ထုတ်ခံရပြီး မကြာမီ 63 မိနစ်မှာတင် Arsenal တို့ ချေပဂိုး ပြန်လည် သွင်းယူ သွားခဲ့၏။ ချေပဂိုး သွင်းယူသွားပြီးနောက်မှာ Arsenal တို့ ပိုမို ဖိအားပေး ကစားနိုင်လာခဲ့၏။ 70 မိနစ်မှာတော့ Arsenal တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့၏။

သို့ပေမယ့် အသင်းခေါင်းဆောင် Odegaard ၏ ကန်သွင်းမှုကို United ဂိုးသမား Bayindir တယောက် ကာကွယ် သွားနိုင်ခဲ့၏။ ပင်နယ်တီ ပေးလိုက်ရချိန်မှာ ငါတို့တော့ သွားပြီဟု တွေးထင်မိခဲ့ပေမယ့် ပင်နယ်တီကို ကာကွယ်သွားနိုင်ချိန်မှာတော့ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်ဆိုသည့် တက်ကြွစိတ်တို့ ပြန်လည် ကိန်းအောင်းလာခဲ့၏။ တကယ်လည်း United က Arsenal ၏ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား ကစားနိုင်ခဲ့၏။ ပြီးခဲ့သော EPL တွေ့ဆုံမှုမှာတုန်းက ခွင့်ပြုပေးခဲ့ရသည့် set piece ကနေ သွင်းယူခဲ့သည့် ဂိုးသွင်းယူမှုများကို ဒီပွဲမှာ Arsenal တို့ မလုပ်နိုင်အောင် United တို့ အကောင်းဆုံး ဟန့်တား ကစားပြနိုင်ခဲ့၏။

သာမန်ပွဲကစားချိန် မိနစ် 90 ပြည့်သွားသည့်တိုင် 1-1 သရေကျနေသဖြင့် အချိန်ပို မိနစ် 30 ထပ်ကစားကြ၏။ အချိန်ပိုမှာလည်း ဂိုး ထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူကြ၏။ ပင်နယ်တီမှာလည်း United ဂိုးသမား Bayindir တယောက် လက်စွမ်း ထပြပြန်ပြီ။ Kai Havertz ၏ ပင်နယ်တီကို ကာကွယ် ပြခဲ့ပြန်၏။ ပင်နယ်တီမှာတော့ 5-3 ဖြင့် United တို့ အနိုင်ရသွားခဲ့လေ၏။

Arsenal ကို သူ၏ အိမ်ကွင်းမှာ တယောက်လျော့နှင့် ပွဲချိန် မိနစ် 30 လောက်ထိအပြင် အချိန်ပို မိနစ် 30 ထိမှာပါ အကောင်းဆုံး ထိန်းပြီး ကစားပြသွားခဲ့သည့် United ကို တကယ် ချီးကျူး မိပါ၏။ စောင့်ကြည့်ရတာ တကယ်တန်သွားခဲ့၏။ FA Cup ခရီးစဉ် ဆက်လက် အသက်ဝင်နေသေးတာကလည်း စိတ်ကျေနပ်စရာပင်။ ကိုယ်တွေမှာက ဖလား မျှော်လင့်ချက် အနေနဲ့ Europa league နဲ့ FA Cup သာ ကျန်သည် မဟုတ်လား။ ကျေးဇူးပါ United ရေ၊ ခုအတိုင်းလေးသာ ဆက်ထိန်းထားပေးပါဦး။