မနေ့က ပိုစ့်တင်ဖို့ ဆိုပြီး မနေ့ ရှေ့တနေ့ မနက် 12 နာရီကျော်မှာ စာကြိုရေးထားခဲ့၏။ စာကြိုရေးထားပေမယ့် ပိုစ့်တင်ချိန်ကတော့ မစောဘဲ နောက်ကျသွားခဲ့ရ၏။ မနေ့က Futsal ကန်ရက် ဖြစ်၏။ ညနေ 5 နာရီမှာ ပွဲစမည် ဖြစိ၏။ ထုံးစံအတိုင်း 5 နာရီအတိ မစဖြစ်ပေ။ 5 နာရီခွဲလောက်မှ လူစုံပြီး စကစားဖြစ်၏။ ကျနော်က အစော ရောက်ပါ၏။ လူမစုံသေးဘူး ဆိုပြီး ဆိုင်ကယ် ရေဆေးနေလိုက်တာ လူစုံလို့ ကန်မယ်ဆိုတော့ အဝတ်အစား အမြန်လဲ ဖိနပ် စီးပြီးတာနဲ့ တန်းပြီး ဝင် ကစားရတော့၏။ လူစားလဲဖို့ လူ အပိုကလည်း မရှိ၊ မလာ မစုံ နေသေးတာနဲ့ ဆက်ပြီး ကစားနေခဲ့ရ၏။ လူလည်း အတော်လေး မောနေပြီ။
မနေ့က ချိန်းကန်ဖြစ်သည့် အသင်းက ကောင်းသည်ဟု ပြောလို့ရ၏။ တအားကြီး ခြေကွာနေတာမျိုးတော့ မဟုတ်ပေ။ ကျနော်တို့က လူမစုံတာရယ်၊ လက်ရှိ ကစားနေသူတွေထဲမှာ နေကောင်းစသူရယ်၊ ခရီးက ပြန်ရောက်ပြီးချင်း ဝင်ကစားရတဲ့သူတွေရယ်နဲ့ ဆိုတော့ ရလာဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ အပြန်အလှန် ကစားနိုင်ခဲ့ကြပေမယ့် သူတို့က အဆုံးသတ် ပိုသေချာ၏။ ဂိုးတွေ အပြိုင် သွင်းခဲ့ကြပေမယ့် ပွဲပြီးခါနီးမှာတော့ သူတို့က ဂိုးတွေ ထပ်မံ သွင်းယူ သွားနိုင်ခဲ့၏။ 7 ဂိုးအသာနဲ့ ကျနော်တို့ကို အနိုင်ရသွားခဲ့၏။
နောက်ထပ် ရှုံးပွဲ ထပ်မံကြုံခဲ့ရ၏။ အပျော်တန်း အသင်းပေမယ့် မကြာခဏ ကျနော်တို့ ချိန်းပွဲ ကန်ဖြစ်၏။ နိုင်သည့် အကြိမ်ရေကတော့ ပိုများ၏။ တော်တော်ကြာ တခါတော့ ရှုံးတာလည်း ရှိ၏။ ရှုံးသည့် ပွဲကနည်းတော့ ပိုပြီး မှတ်မှတ်ထင်ထင်လည်း ရှိ၏။ ဘာကြောင့် ဘာလို့ ရှုံးရတယ် ဆိုတာကိုလည်း ပိုပြီး သိမြင် မှတ်သား ဖြစ်၏။ ပြင်သင့်တာပြင်ဖို့ အခွင့်အရေးရသည်ဟု ပြောရမည်။ ဒီလို လုပ်ရင်းကနေပဲ တဆင့်ပြီး တဆင့် မြင့်လာနိုင်မည် မဟုတ်လား။
မနိုင်ရင် ရှုံးမှာပဲလေ။ ဒါက သဘာဝပဲ မဟုတ်လား။ အမြဲတမ်း နိုင်နေတဲ့အသင်းဆိုပြီးမှ မရှိနေဘဲကိုး။ နိုင်တုန်းက ပြုံးပျော် ရှုံးမှ မဲ့နေလို့ မဖြစ်ပေ။ အရှုံးကနေ ပြန်လည် ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ရပေလိမ့်မည်။ လာမယ့် 12 ရက်နေ့မှာ ကျင်းပမည့် Futsal ပြိုင်ပွဲတခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင်း အနေဖြင့် တွေးထား၏။ ပြင်ဆင်မှုတွေလည်း လုပ်တော့ လုပ်နေပါ၏။ သို့ပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပင်။ အကောင်းဆုံး လုပ်နိုင်မယ်လို့တော့ မျှော်လင့် ယုံကြည်ထားပါ၏။