အမေ စားပါစေ။

in #hive-12213311 days ago

အမေသည် လူက နေမကောင်းဖြစ်နေသည်။
အစားအသောက်တော့ မက်မောသည်။
ဆီးချို၊ သွေးတိုးရှိသော အမေသည် အချို
ကြိုက်သည်။ အချို ကြိုက်ဆို ကျွန်တော်က
အမေကို အချိုကြိုက်အောင် သင်ပေးခဲ့သည်။
ကျွန်တော် ရုံးတက်စဉ်က နေ့လယ်ခင်းများမှာ
လက်ဘက်ရည်သောက်သည်။ ထိုသို့ လက်ဘက်ရည်
သောက်သည့်အခါ အမေ့ကိုပါ လက်ဘက်ရည်တိုက်မိသည်။

နေ့စဉ်မဟုတ်တောင် ရံဖန်ရံခါ အမေ့ကို
လက်ဘက်ရည်တိုက်သည်။ ယခုအခါ
မနက်ပိုင်းတွင် အမေ့အတွက် အီကြာကွေး
နှင့် လက်ဘက်ရည် သို့မဟုတ် ကော်ဖီဖျော်၍
တိုက်ရသည်။ အမေသည်က မနက်ပိုင်းတွင်
ထမင်းဖြူဆီဆမ်းကို မြေပဲကြော်နှင့် စား
သည်။ ထိုသို့ စားပြီးပါက အီကြာကွေးကို
စားသည်။

ယနေ့ အမေ့ကို အီကြာကွေးမကျွေးမိပေ။
ထမင်းနှင့် မုန့်ဟင်းခါးကျွေးသဖြင့် အီကြာကွေး
မကျွေးမိပေ။ ဒီတော့ အမေ့က ငါတခုခု
လိုနေသလိုပဲဟေ့ ဟုပြောသည်။ ထိုကြောင့်
အမေ့ကို နေ့လယ်မှ လက်ဘက်ရည်တိုက်မည်ဟု
ပြောရသည်။ နေ့လယ်ရောက်သောအခါ
လက်ဘက်ရည်တိုက်ဖို့မေ့နေသည်။
ညနေ လေးနာရီကျော်သောအခါ ကျွန်တော့်
တူမက ကျောင်းမှ ပြန်လာသည်။

သူတို့ကျောင်းမှာ ယနေ့ ထမင်းနှဲထိုးသည်။
တပို့တွဲလပြည့်မရောက်မီ ကြိုပြီးထိုးကြခြင်း
ဖြစ်ပေသည်။ တူမက ထမင်းနှဲများယူလာ၍
သူ့အဖွားအားကျွေးသည်။ အမေသည်
ထမင်းနှဲကို စားချင်သည်ဟု ပြောထားသည်။
ဒီတော့ အမေ့က နေ့လယ်မှာ လက်ဘက်ရည်
မသောက်ရပေမဲ့ ထမင်းနှဲစားလိုက်ရ‌တော့
တော်သေးဟေ့ ဟုပြောသည်။

မိတ်ဆွေ အိမ်ကလည်း အမေ့အတွက်
မြေပဲသီးပြုတ်များပေးသည်။ အမေ့က
မြေပဲလည်းကြိုနှစ်သက်သည်။ ယနေ့အတွက်
အမေသည် သူ့မသောက်လိုက်ရသော
လက်ဘက်ရည်အစား၊ သူမ ကြိုက်နှစ်သက်
အစားအစာများဖြစ်သည့် ထမင်းနှဲနှင့်
မြေပဲသီးပြုတ်များကို အားရ ပါးရစားသည်။
အမေ့ ကို လျော့စားဖို့ ပြောရသည်။

တန်ဆေး၊ လွန်ဘေးဖြစ်လိမ့်မယ် အမေဟု
ပြောရသည်။ အမေက သူနှစ်သက် ကြိုက်သော
အစားအစာများကို ထမင်းလွတ်အောင်
စားတတ်သည်။ ထိုကြောင့် ထမင်းမစားနိုင်မှာ
စိုးသဖြင့် သတိပေးရသည်။ အမေသည်
လူကသာ လမ်းမလျောက်နိုင်သည်
အစာမကြေသော ထမင်းနှဲကို တော်‌တော်ကို
ကြိုက်နှစ်သက်စွာ စားသည်။ တခါတရံ
အမေကို သူစားချင်တာ အားရ ပါးရ
စိတ်ကြိုက် စားပါစေဟု ခွင့်ပြုထားမိသည်။
စားနိုင်တုန်း စားခိုင်းရမည်။ မစားနိုင်ပါမှ
ကျွေးပါက အဆင်မပြေနိုင်တော့ပါ။

@htwegyi
January 11, 2025