ယနေ့ နေ့လယ်နဲ့ မနေ့ ည ကတော့
အတော်လေးကို ဂယက်ထသွားသည်။
မနေ့ ညက တောင်ကိုးရီးယား ဂယက်ကိုတော့
ဒီနေ့မနက် အဲ နေ့လယ်ပိုင်း ဖုန်းကောက်ကိုင်မှ
သိရှိရသည်။ တောင်ကိုးရီးယား စစ်အာဏာသိမ်း
မှု ဖြစ်နေမှု သတင်းများတက်နေချိန် ကျွန်တော်က
စပြီးအိပ်ပျော်တဲ့အချိန်ဖြစ်နေသည်။
ဖုန်းကို ညမှာ မကြည့်မိအောင် သတိထား
ရသည်။ အထူးသဖြင့် မီးမလာသည့်အချိန်
မီးအားမရှိတဲ့အခါမှာ ဖုန်းမကြည့်မိအောင်
သတိထားရသည်။ တခါတရံမီးလာတဲ့အခါမှာ
ဖုန်းကို ကြည့်မိပါသေးသည်။ မီးအလင်းရောင်
အားနည်းနည်းမှာ ဖုန်း၊ တီဗီကြည့်မိပါက
မျက်စိကို ဒုက္ခများစေသောကြောင့်ဖြစ်သည်။
အထူးသဖြင့် မျက်စိရောဂါရှိသူများအတွက်
ရောဂါတိုးစေသည်။
ထိုကြောင့် ညက မကြည့်လိုက်ရသော သတင်း
များကို ယနေ့ နေ့ခင်းပိုင်းမှသာ ကြည့်မိသည်။
ဖုန်းမှ သတင်းများဖတ်နေချိန် တောင်ကိုးရီးယား
ကို စစ်အုပ်ချုပ်ရေး၊ စစ်အာဏာသိမ်းသည်ဟု
ဖတ်လိုက်ရသည်။ ထိုအခါ ဟ ဟုတ်ရဲ့လား
သတင်းများ မှားရေးသလား၊ သတင်းသုံးလေး
ခုခန့် ဖတ်ပြီးသောအခါမှ အမှန်တကယ်ဆိုတာ
ယုံရသည်။
ဘယ်နဲ့ ကိုယ်တွေရဲ့ အွန်စော၊ လီဟန်နီနဲ့ အိုင်းရစ်
မင်းသမီးလေး (အမည်မသိ)တို့ရဲ့ တိုင်းပြည်က
ဘယ်က ဘယ်လို စစ်အာဏာသိမ်းခိုင်းရတာလဲပေါ့။
သူရို့လေးတွေရဲ့ နိုင်ငံက ဒီမိုကရေစီနိုင်ငံကောင်း
တခုပါ။ အဘယ်ကြောင့် ဤသို့ဖြစ်သည်ကို
သေချာရေးရာတော့ မသိရသေးပါ။ တော်ပေသေး
ဟု ပြောရမည်။ ပြည်သူနှင့် အမတ်များအားလုံး
စုပေါင်းညီညာမှုကြောင့် ခြောက်နာရီသာ
စစ်အာဏာသိမ်းသွားခဲ့သည်။ သူရို့နိုင်ငံရဲ့
စစ်တပ်က စစ်တပ်အလုပ် လုပ်ကြတာလဲ
ပါသပေါ့။
အဲ နောက်တခုက ယနေ့ နေ့လယ်ခင်း
ကျွန်တော်ခြံဘေးမှာ လူငယ်တဦးကို
လူနှစ်ယောက်က ထိုးကြိတ်ကန်ကျောက်
နေသည်။ ကျွန်တော့်က စာအုပ်ဖတ်နေ၍
မသိပါ။ အမကပြောမှ သိရခြင်းဖြစ်သည်။
ပထမတော့ သူခိုးဖမ်းမိ၍ ထိုးကြိတ်နေသည်ဟု
ထင်သည်။ နောက်တော့ ငါးမိနစ်ခန့်အကြာမှာ
ကားနက်တစီး၊ စစ်သားလက်နက်ကိုင်
နှစ်ဦး ဆိုင်ကယ်နှစ်စီးဖြင့် လမ်းကိုပတ်နေသည်။
စောစောက ထိုးကြိတ်ခံရသူ လူငယ်သည်
ထွက်ပြေးလွတ်မြောက်သွားသည် ထင်ပါသည်။
ထိုးကြိတ်သူနှစ်ဦးက ရပ်ကွက်ဇိုးသမားများ
ဖြစ်ပေမည်။ သူတို့ကလည်း ဆိုင်ကယ်ဖြင့်
ကားအနီးမှလိုက်၍ ပတ်ပြီးရှာနေကြသည်။
ကားဆိုင်ကယ်များဖြင့် နှစ်ကြိမ်ခန့်ပတ်ပြီး
ပြန်သွားကြသည်။ ထိုးကြိတ်အရိုက်ခံရသူ
လူငယ်သည် မည်သူ မည်ဝါဖြစ်သည် မသိရပေ။
သို့ပေသိ ရှာဖွေသူများကို ကြည့်ခြင်းအားဖြင့်ထွက်ပြေး
လွတ်မြောက်သွားသူ လူငယ်အတွက်
ဝမ်းမြောက် ဝမ်းသာဖြစ်မိပါသည်။
@htwegyi
December 4, 2024