ညက တိတ်ဆိတ်နေသည်။ ဆီနှင်းကျသံ
တဖြောက်ဖြောက်ကြားရသည်။ ဒီဇင်ဘာည
ဆိုပေသိ အအေးက ပြီးခဲ့သောနှစ်ကလောက်
မအေးလှပေ။ ကောင်းကင်က မိုးတိမ် မိုးသားများ
ရှိနေသောကြောင့်ပေလားမသိပါ။ ဒီဇင်ဘာလ
သည် အအေးဆုံးလဖြစ်သော်လည်း ယခုနှစ်က
အနည်းငယ် အအေးပေ့ါသည်။
အအေးပေါ့ဆို ရင်ထဲမှာ အပူကိုယ်စီ ရှိနေကြ
သည်ကိုး။ အပူနဲ့ အအေး တွေ့ကြတဲ့ ဒီလက
ဆုံးဖြတ်ချက်တွေ ယူဆောင်လာမည်လား။
အပြောင်းအလဲ တခုခုလာမည်လား။ တခုခု
တော့ လာမည်ဟု သိနေကြသလိုလို။
ဟိုတွေး ဒီတွေးနဲ့ ဟိုလိမ့် ဒီလိမ့်နဲ့ ဆောင်းညက
ညတာရှည်သည်။
ကိုယ်တွေ အပူရော မိတ်ဆွေတွေအတွက် အပူရော
အပူသည်ကြီးကျွန်တော် ဒီဇင်ဘာည အအေးက
မျက်စောင်းထိုးနေသည်။ ရှည်လျားတဲ့ ညကို
မျက်စိမှိတ် အိပ်ပျော်ဖို့ ကြိုးစားရင်း အတွေးများက
ဟိုဒီ ယောက်ယက်ခပ်နေသည်။ ဘဝဆိုသည့်
အရာနှင့် ခန္ဓာကိုယ်ကြီး ရရှိခဲ့သည့်အချိန်မှ
စ၍ ဝလဲ ဝလဲ အူဝဲ အူဝဲ ဟုသော ငိုသံဖြင့်
စတင်ခဲ့သည်။
ထိုမှ စတင်ခဲ့သော ဘဝနှင့် ခန္ဓာကြီးသည်
မပြီးဆုံးသော ခရီးရှည်းကြီးကို မမောတမ်း
ဖြတ်သန်းလာခဲ့သည်မှာ နှစ်ငါးဆယ်ကျော်ခဲ့
ပေသည်။ ပြန်တွေးကြည့်တော့ အပျော်က
နည်းနည်း၊ အမောတွေက တဝ တပြဲ ပါလား။
ဘဝ အမောတွေ များမှ များ။ အပျော်ပင်လယ်
ကြီးမှာ အမောလှိုင်းလုံးတွေကြား မြုပ်ချည်
ကူးချည်နဲ့ မောရမှန်း မသိ။
ဘဝအမောကြား တဏှာလောဘများနဲ့
ကခုန်နေသည်။ ဆောင်းည အတွေးများကြား
အူဝဲ အူဝဲ ဟုသော ငိုသံကြားရသည်။
ညအချိန်ကျော်၍ မနက် အရုဏ်ပင်ဦးပေသည်။
သေချာနားထောင်ကြည့်မှ ပြာသိုမရောက်
သေးသော်လည်း နတ်တော်မှာ ဇောင်းကြွ
နေကြသော ကြောင်အုပ်စုဖြစ်သည်။
ညဦးတုန်းကလည်း ခွေးတအုပ်က တော်သလင်း
ကျော်တာကိုပင် အဖော်အသင်း တရုံးရုံးနဲ့
အုပ်စုလိုက် ဝိုင်းဟောင်နေကြသေးသည်။
အင်း သဘာဝရဲ့ လလွန်ဖြစ်ရပ်များကို
ကြားနေရသော အကျွနိုပ်ပါလားလေ။
သဘာဝကြီးမှာ ဝနိုင်သော သတ္တဝါတို့၏
ပုံရိပ်များကို မှတ်တမ်းပြု တင်ပြလိုက်ပါသည်။
@htwegyi
December 8, 2024