EPL Week 20

in #hive-1221334 days ago

ဒီနေ့မှာတော့ EPL Week 20 ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီတပတ်မှာ ပွဲကြီး ပွဲကောင်း အဖြစ် Super Sunday မှာ Liverpool vs Manchester United တို့၏ ပွဲစဉ်လည်း ရှိနေ၏။ ယခင်လိုဆိုရင်တော့ ပွဲကြီး ပွဲကောင်းလို့ ပြောလို့ ရပေမယ့် ခု အနေအထားမှာတော့ ထိုသို့ ပြောမရတော့ပေ။ United အနေအထားက အားလုံးသိပြီး မဟုတ်လား။ အသင်းကြီး အခြေအနေမှာ မရှိတော့သလို မထင်ရင် မထင်သလို ပြန်လုပ်ပြတတ်သည့် အသင်းငယ် လိုမျိုးလည်း မဟုတ်တော့ပေ။ United က ဖျက်မြင်း အသင်း ဖြစ်နေခဲ့၏။

တခြားအသင်းရဲ့ အိပ်မက်၊ မျှော်လင့်ချက်တွေကို ဖျက်တာမျိုး မဟုတ်ဘဲ ကိုယ့်အသင်းကို ကိုယ် ပြန်ဖျက်နေသည့် အသင်း ဖြစ်ချေ၏။ ခုတင် အမှတ်ပေးဇယားမှာ အဆင့် 14 နေရာမှာ ရောက်နေသည် မဟုတ်လား။ ဒီတပတ် ကစားရမှာက Liverpool နဲ့ အဝေးကွင်း။ လက်ရှိ အဆင့် 1 ခြေမှန်နေတဲ့အသင်း။ ကစားပုံကောင်းပြီး နောက်ဆုံးကစားခဲ့သည့် 4 ပွဲဆက် အနိုင်ရထား၏။ United က ပြောင်းပြန်၊ နောက်ဆုံး ကစားထားသည့် 4 ပွဲလုံးကို ရှုံးထား၏။ Manchester Derby က ကြည့်ကောင်းခဲ့ပေမယ့် England Derby ကတော့ အဘယ်သို့ ဖြစ်လာမည် မပြောတတ်ပေ။

နည်းပြ Amorim တယောက်လည်း ခေါင်းခဲနေလောက်ပြီ။ စွမ်းဆောင်ပြဖို့ အရောက်လှမ်းလာမှပဲ ခေါင်းတွေချည်း အခေါက်ခံနေရသလို ဖြစ်နေခဲ့၏။ Liverpool နဲ့ပွဲမှာပါ ရလဒ်မကောင်းခဲ့ရင်တော့ ဖိအားပေါ် ဖိအား ဆင့်ပေတော့မည်။ United သာ တန်းဆင်းသွားရရင် ဆိုပြီး အသံတွေလည်း ထွက်ပေါ်လို့ လာနေခဲ့၏။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ တန်းဆင်းရင်လည်း ဆင်းသွားရနိုင်၏။ January လမှာ အပြောင်းအလဲ တခုခု မလုပ်ရင် ပိုဆိုးသွားနိုင်၏။ ရောင်းသင့်သူ ရောင်းထုတ်၊ ဝယ်ယူသင့်သူကို ဝယ်ယူ အစရှိတာတွေ လုပ်ဖို့ လိုမည် ဖြစ်၏။

နည်းပြ၏ ကစားကွက်နဲ့ အံဝင်မည့် ကစားသမားကို သေချာလေး ရှာဖွေဖို့ လိုမည် ဖြစ်၏။ နည်းပြသစ်ကို ယုံကြည်ပါ၏။ အားလည်း ကိုးပါ၏။ သူ လုပ်ချင်၊ သွားချင်သည့် ပုံစံကိုသာ အသင်းတာဝန်ရှိသူတွေက ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် United ပြန်လည် ဦးမော့ လာနိုင်၏။ အချိန်တော့ ပေးရပေလိမ့်မည်။ Ten Hag တုန်းကလည်း အချိန် 2 နှစ်ထိ ပေးခဲ့ပါ၏။ သို့ပေမယ့် သိသာသည့် ပြောင်းလဲ တိုးတက်မှုတွေတော့ မတွေ့ခဲ့ရပေ။ ခု နည်းပြသစ် Amorim ကိုလည်း လုံလောက်သည့် အချိန်တခုပေးဖို့ လိုမည် ဖြစ်၏။

Liverpool နဲ့ပွဲကို ထပ်ရှုံးသွားခဲ့ရင် သိပ်အံ့ဩစရာတော့ မရှိပေ။ မတော်တဆ နိုင်သွားခဲ့ရင်လည်း ထူးခြားသည်ဟု မဆိုနိုင်ပေ။ United က နိုင်တလှည့် ရှုံးတလှည့် မလား။ ခုဆို တလှည့်စီတောင် မလာဘဲ ရှုံးပြီးရင်း ရှုံးနေလေတော့၏။

(photos from Manchester United Facebook page)