မနေ့က ကျနော်တို့ အသင်း အုပ်စုပွဲ စတင် ကစား၏။ နောက်ထပ် Futsal ပြိုင်ပွဲ တပွဲ ထပ်ဝင်ပြိုင်နေခြင်း ဖြစ်၏။ ဒီတခေါက် ပြန်ပွဲက မြက်ခင်းတုကွင်း မဟုတ်ပေ။ ပါကေးကွင်းမှာ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်၏။ ပြည်နယ် Futsal ကွင်း ဖြစ်၏။ တခြား ပုဂ္ဂလိက ကွင်းတွေလို အချိန်ပိုင်း အခကြေးငွေနဲ့ ငှားကန်လို့ မရပေ။ ပွဲတွေ ကျင်းပသည့် အခါမျိုးမှသာ ကစားခွင့်ရ၏။ ယခု ပြိုင်ပွဲကိုတော့ အသစ်ဖွင့်လှစ်လိုက်သည့် အားကစား ပစ္စည်းဆိုင် တခုဖြစ်သည့် Tai-Ger Sportswear မှ ကြီးမှူး ကျင်းပပေးခြင်း ဖြစ်၏။
ကျနော်တို့တွေလည်း ပြည်နယ်ကွင်းမှာ မကန်ဖူးသေးကြသဖြင့် ဝင်ပြိုင်ကြည့်ဖြစ်သွားခြင်း ဖြစ်၏။ လက်ရှိ အသင်း၏ လူစာရင်းကလည်း မဆိုးနေတော့ သေချာကစားရင် အနေအထား တခု ရောက်ကို ရောက်နိုင်၏။ အုပ်စု ခွဲဝေမှုအရ ကျနော်တို့အသင်းက Group H တွင် ပါဝင်နေ၏။ ၄ သင်း အုပ်စု ဖြစ်၏။ ၃ သင်း အုပ်စုတွေလည်း ပါ၏။
မနေ့က အဖွင့်ပွဲမှာတော့ ကျနော်တို့အသင်း 2-2 နဲ့ သရေကျခဲ့၏။ မြက်ခင်းတု မဟုတ်ဘဲ ပါကေးဆိုတော့ အသားမကျနေသဖြင့် အစောပိုင်း မိနစ်တွေမှာတော့ အဆင်မပြေ ဖြစ်နေခဲ့၏။ နောက်ပိုင်း မိနစ်တွေမှာတော့ ပြန်လည် အဆင်ပြေသွားခဲ့၏။ ကျနော်တို့ အသင်းမှရယ် မဟုတ် ပြိုင်ဘက် အသင်းလည်း ထို အတိုင်းပင်။ အမှန်တော့ လက်ရှိ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ပါကေးကွင်း အတွေ့အကြုံ ရှိသည့် အသင်းက အနည်းငယ်သာ ပါဝင်နေ၏။
ပါကေးကွင်းမို့ အတွေ့အကြုံ မရှိတာကလွဲရင် ကျန်တာ ခက်ခဲတာမျိုး မရှိပေ။ ပြိုင်ပွဲဆိုသည့် ဖိအား ဘာညာမျိုး မရှိနေပေ။ ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလည်း အတော်လေး ရှိလာခဲ့ပြီကိုး။ အုပ်စု ဒုတိယပွဲကတော့ နက်ဖြန် 8 ရက်နေ့မှာ ကစားရမည် ဖြစ်၏။ 16 သင်း ရှုံးထွက်အဆင့် တက်နိုင်ရန် အဆိုပါ ပွဲကို အနိုင်ကစားထားဖို့ လိုမည် ဖြစ်၏။ သို့မှာသာ အုပ်စု နောက်ဆုံးပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်မည် ဖြစ်၏။ အမှန်တော့ မနေ့က အဖွင့်ပွဲကိုသာ အနိုင်ကန်ထား နိုင်ခဲ့ရင်လည်း ကောင်း၏။ နို့ပေမယ့် သရေ ဆိုတော့လည်း မဆိုးပါဘူးဟု ပြောရပေလိမ့်မည်။
လက်ကျန် ပွဲစဉ်တွေကို သေချာ ကစားပြီး နောက်တဆင့် တက်နိုင်ဖို့ ကြိုးစားပါဦးမည်။