Need to Change

in #hive-12213310 days ago

တချို့ရက်တွေ အချိန်ကုန်မြန်သလောက်၊ တချို့ရက်တွေကြ အချိန်ကုန် ခဲလှ၏။ ဘာရယ် မဟုတ် ကျနော် အချိန်တွေဖြုန်းခဲ့တာတောင် အတော်လေးများ၊ ကြာခဲ့ပြီ။ 2019 အကုန် 2020 ကစလို့ 4 နှစ်တာ ကာလအတွင်း ဘာတွေ ပြောင်းလဲ တိုးတက်သွားပြီလဲ မေးက ကျနော့်မှာ ပြောစရာ၊ ပြစရာ မရှိပေ။ ကျနော် အတော်လေး ဝေလေလေ လုပ်နေခဲ့ပါလား။ အဆိုပါ 4 နှစ်တာ ကာလအတွင်း ပျော်ခဲ့လားဟု ပြောရအောင် ပြန်လည်း ဒါပေါ့ဟု ရဲရဲဝံ့ဝံ့ ဖြေနိုင်မည် မဟုတ်ပေ။ ဒီကာလကြီးမှာ ဘယ်သူတွေကများ ပျော်နိုင်မည်နည်း။

ဒီကာလ ဒီကာလနဲ့ ဒီကာလကြီးကို လက်ညှိုးထိုးပြီး နေချင်သလို နေပစ်တာကတော့ အတော်လေးဆိုး၏။ သိတော့ သိပေမယ့် မပြင်ဖြစ်ပေ။ အကြောင်းအရာ အချို့ နည်းနည်း ပိုသိ၊ ပိုတတ်လာတာက လွဲလို့ လုံလောက်သည့် အသိ၊ အတွေး အမြင် အစရှိသည့် တိုးတက်ပြောင်းလဲလာမှုတွေပေါ့ဟု ပြရန် မရှိနေပေ။

စာပြန် မသင်ဖြစ်သေးပေ။ သင်ဖြစ်ပါဦး မလားတော့ ကိုယ့်ကိုလည်း မသိသေးပေ။ ဘာဆက်လုပ်ဖြစ်မလဲ၊ ဘာလုပ်ချင်လဲ မေးက ဖြေစရာ မရှိသေးပေ။ ကျနော် လမ်းပျောက်နေသည်ထင်ပါရဲ့။ ရှိပြီးသား၊ သွားနေပြီးသား လမ်းကို မလျှောက်ရင် တခြားလမ်း လျှောက်သင့်သည် မလား။ ကျနော် ရပ်ကြည့် ငေးမောနေခဲ့တာ အတော်ကြာသွားခဲ့ပြီ။ နို့ ဒါဖြင့် အခု လျှောက်တော့မယ်ပေါ့ဟု မေးက မသိသေးဘူးဟုသာ ဖြေရပေလိမ့်မည်။

ဒီပုံ အတိုင်းဆို အပျင်းလွန်ပြီး အဖျင်းအခြေအနေ ရောက်သွားနိုင်၏။ သိတော့ သိတယ်၊ မပြင်ဖြစ်နေသေးတာ ဆိုတော့ အခြေအနေ တအားကြီးတော့ မဆိုးသေးဘူးဟု ပြောရမည်ထင်။

Hive မှာပဲ နေ့စဉ် စာရေး ပိုစ့်တင်နေရုံနဲ့ ဘဝ ရပ်တည်လို့ မရပေ။ ကိုယ့်ပိုစ့် တပိုစ့်က 10$ လောက် ရနေရင်တော့ ဖြစ်နိုင်ပါ၏။ Telegram Airdrop တွေ ချည်း လုပ်ပြီး ဘောစိ ဖြစ်ချင်လို့လည်း မရပေ။ Airdrop တိုင်း ရမည်၊ မြတ်မည်ဟု ယတိပြတ် ဘယ်သူမှ မပြောနိုင်ပေ။ ဒါဖြင့် Trading လုပ်မလား ဆိုတော့ စိတ်မဝင်စားလို့ ဆိုပြီး အကြောင်းပြဦးမည်။ ဘဝ ရပ်တည်ရေး အတွက် တခုခုတော့ လုပ်မှ ဖြစ်မည်။ သေချာတဲ့ အရာ တခုခုပေါ့လေ။