ဒီနေ့ ဝမ်းနည်းစရာ သတင်း ကြားရ၏။ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်ပြီတဲ့။ ဆရာနိုင်မြန်မာ ကွယ်လွန်ချိန်မှာတော့ အသက် 68 နှစ် ရှိပြီ ဆို၏။ ဒီနေ့ မနက် 8 နာရီမှာ ဆုံးသည် ဆို၏။ ပြီးခဲ့သော ရက်ပိုင်းကမှ အဆိုတော် မာရဇ္ဇ ကွယ်လွန်ထား၏။ လူတော်တွေ ဒီရက်ပိုင်းထဲ လူ့လောက ကနေ နှုတ်ဆက်ထွက်ခွာ သွားကြလေ၏။ ခု ရက်ပိုင်းမှရယ် မဟုတ် ဒီနှစ် အပိုင်းခြားထဲမှာကို လူတော်၊ လူတတ်၊ လူကောင်းတွေ အတော်များများ ကွယ်လွန်သွားကြ၏။ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်တွေမို့ တကယ်ကို နှမြောဖို့ ကောင်းလှ၏။
လူဆိုတာ သေမျိုးမှန်း သိပါ၏။ ဒါပေမယ့် အချိန် မတန်သေးဘူးမလား။ နေမယ်ဆိုရင် နေလို့ရသည့် အရွယ်တွေကိုး။ သေမင်းက အကောင်း ကြိုက်လွန်း လှပေ၏။ ဆရာနိုင်မြန်မာဟု ပြောရင် ကမ္ဘာ မကြေဘူး သီချင်းကို သိကြပေလိမ့်မည်။ 88 မှာကော ခု နွေဦးတော်လှန်ရေးမှာပါ ထိုသီချင်းက တထောင့်တနေရာက ပါဝင်ခဲ့၏။ ထိုသီချင်းကို သဘောကျပေမယ့် နောင်တဖန်တော့ ခေတ်မစား စေချင်တော့ပေ။ စစ်အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားဖို့သာ မျှော်လင့်မိပါ၏။
ဆရာ၏ အခြား သီချင်းတွေကိုတော့ ဒီဘက်ခေတ် ကလေးတွေ သိပ်မသိကြလောက်တော့ပေ။ ရေဒီယို ခေတ် အဆိုတော်တွေနဲ့ ရင်းနှီးသူ ဆိုရင်တော့ ဆရာ့သီချင်းတွေကို သိကြမည် ထင်ပါ၏။
လူကောင်းတွေ ထွက်ခွာ သွားကြလို့ နှမြောပေမယ့် တဖက်က ကြည့်ပြန်တော့ ခုလို ခေတ်ဆိုးကြီးနဲ့ သူတို့ လွတ်ပြီပေါ့ဆိုပြီး ဝမ်းနည်း ဝမ်းသာ ဖြစ်ရပြန်သေး၏။ ကောင်းမွန်ရာ ဘုံတခုခုမှာ ခံစားစံမြန်းနေနိုင်ပါစေကြောင်း ဆုတောင်း မျှော်လင့်မိ၏။ လူ အဖြစ် ချက်ချင်း ပြန်ဝင်စားမယ်ဆိုရင်တောင် မြန်မာ နိုင်ငံကိုတော့ ပြန်မရောက်စေချင်ပေ။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်ပေမယ့် ဒီကာလကြီးမှာတော့ ဘေးကင်း စိတ်ချမ်းသာရာမှာပဲ ရှင်သန် နေထိုင် စေလိုပါ၏။