ယနေ့ကား အဖိတ်နေ့ ဖြစ်ချေ၏။ နက်ဖြန် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်၏။ တန်ဆောင်တိုင် ပွဲတော် နွှဲမပျော် ဖြစ်တာတောင် ကြာခဲ့ပြီ။ 2019 ကတည်းက ခုထိပင်။ ငဗစ် ငစစ်တို့ကြောင့် တန်ဆောင်တိုင် ပွဲခင်းထဲ ပြန်မရောက် ဖြစ်တော့ပေ။ တိုင်းပြည်က ဒီလို ဖြစ်နေတာကို ဘယ်စိတ်နဲ့ ပွဲလည်နိုင်မည်နည်း။ နယ်ခံ တော်တော်များများ ပွဲ မလည်ကြပေ။ ကျနော့် အသိ၊ သူငယ်ချင်းထဲက ပွဲသွားသူ မည်သူမှ မရှိပေ။ စိတ်တူ ကိုယ်တူ သူငယ်ချင်းမျိုးတွေ ရထားတာ တကယ့်ကို ပျော်ရွှင် ကျေနပ်စရာပင်။
ပွဲကြိုက်ခင်တွေတင် ပွဲ မလည်တာ မဟုတ်၊ မီးပုံးပျံပြိုင်ပွဲ ဝင်နေကြ ကျနော့် သူငယ်ချင်း မီးဆရာတွေတောင် ပြိုင်ပွဲ မဝင်ကြပေ။ စိတ်ကို မရ ရအောင် ဖြတ်ထားကြ၏။ မနေနိုင်လို့ YouTube live ကနေ လှမ်းကြည့်ပြီး အလွမ်းဖြေတာမျိုးတော့ ရှိ၏။ ကြည့်ဆိုပေမယ့်လည်း ခဏသာ။ အသက်မပါသည့်ပွဲ၊ စိတ် ဝိညာဉ်တွေ မရှိနေသည့်ပွဲမို့ ကြာကြာလည်း ကြည့်နိုင်၊ ကြည့်ဖြစ်မည် မဟုတ်ပေ။
ယခင် ခေတ်ကောင်းစဉ်က ဒီကာလ၊ ဒီရက်တွေဆို ပျော်စရာ အပြည့်။ အဝေးရောက်နေပေမယ့် ကိုယ့်မြို့ကို အရောက်ပြန်လာကြ၏။ နယ်ဝေးက သူငယ်ချင်းဝွေလည်ူ အလည်လာကြ၏။ ကိုယ့်ကို ပွဲလည်တာရယ်၊ သူငယ်ချင်းတွေကို ပွဲလည်လိုက်ကူရတာနဲ့ နားရက် အားရက်ကို မရှိပေ။ ပွဲ 7 ရက်ဆို 7 ရက်လုံး၊ 10 ရက်ဆို 10 ရက်လုံး နားရသည် မရှိ။ ကိုယ်တွေကလည်း ပွဲ သိပ်မကြိုက်ပါဘူး။ မနားရလည်း မငြီးမငြူ ပျော်လို့။ နေ့အိပ်၊ ညလည်နဲ့ တပတ်၊ 10 ရက် ဘယ်လို ကုန်သွားမှန်းကို မသိပေ။ ပွဲလည်းပြီးရော လူတွေလည်းပန်း၊ မြို့လည်း တိတ်ဆိတ်သွားရော။
ပွဲမစခင်နဲ့ ပွဲကာလတွေမှာ မြို့က အတော်စည်ကားပြီး တက်ကြွလွန်းလှ၏။ ပွဲပြီးနောက် ခြေကုန်လက်ပန်းကြလို့ အနားယူရပြန်ရော။ အချိန် တခု ပေးပြီးမှ ပြန်လည် နိုးထနိုင်တာ အစဉ်အဆက်ပင်။ ခုတော့ ထိုသို့ မဟုတ်တော့။ ပွဲတော်က ပျော်ဖို့ မကောင်းခဲ့တာ ကြာပြီ။ တချိန္တော့ ကိုယ်တွေရဲ့ ပွဲတော် အစစ်အမှန်နဲ့ ပြန်လည် ပျော်ရွှင်ပါဦးမည်။
(photo by my friend)