Ratatouille ဆိုတဲ့ ကာတွန်းကားလေး ကြည့်ဖူးကြမယ် ထင်ပါရဲ့။ အနံ့၊ အရသာနဲ့ ပတ်သက်ပြီး ပါရမီပါတဲ့ ကြွက်ကလေး Remy။ သူ့ idol ဖြစ်တဲ့ လူသား စားဖိုမှူး Gusteau လို စားဖိုမှူးကောင်း တယောက် (sorry) တကောင် ဖြစ်လိုသူ။ ကြွက်တကာက ခြေလေးချောင်းထောက် သွားပေမယ့် Remy က ရှေ့ခြေ နှစ်ချောင်း မြှောက်ပြီး နောက်ခြေ နှစ်ချောင်းနဲ့သာ လမ်းလျောက် လေသူ။ သူ့ ရှေ့ခြေ နှစ်ချောင်းက ဟင်းချက်ရမှာမို့ တဲ့၊ ကြွက်တကာ အမြင်မှာ တလွဲကောင်ကြီးပေါ့။
"Anyone can cook" တဲ့။ Gusteau ကြီးရဲ့ ဆောင်ပုဒ်၊ Remy အကြိုက်ဆုံး စကားလေးပေါ့။ အဲ့ဆောင်ပုဒ်ကပဲ သူ့ကို စားဖိုမှူး တယောက် (တကောင်) ဖြစ်လာဖို့ တွန်းအားပေးခဲ့တာပေါ့။ ထားပါ ဇာတ်လမ်းတွေ ရှည်ကုန်တော့မယ်။ Short to the point ပဲ သွားကြတာပေါ့။
တချိန်မှာ Remy တယောက် နာမည်ကျော် အစားအသောက် ဝေဖန်ရေးသမား Anton Ego အတွက် ဟင်းတခွက် ချက်ပြုတ်ခွင့်ရခဲ့ပါတယ်။ ပထမဆုံး တဇွန်းကို စအစားမှာပဲ Ego တယောက် ငယ်ဘဝက သူ့ အမေ ချက်ပေးခဲ့တဲ့ ဟင်းတခွက် (လက်ရာ၊ အရသာ၊ အချိန်) ကို ပြန်လည် အောက်မေ့ သတိရသွား မိပါတော့တယ်။
အစားအသောက်ကို ဗိုက်ပြည့်ဖို့ အာဟာရ ဖြစ်ဖို့ အတွက် စားကြပါရဲ့။ တခါတလေကျ ပျင်းလို့၊ ပျော်ချင်လို့ အစရှိသဖြင့် စားဖြစ်ကြပါတယ်။ တိရစ္ဆာန်တွေက အသက်ရှင်ဖို့ အတွက် စားနေရတာဖြစ်ပြီး လူတွေကကြ စားဖို့ အတွက် အသက်ရှင်နေတာတဲ့ The Nut Jon ကာတွန်းကားထဲက စကားလုံးလေးက ဒီအချက်ကို ပေါ်လွင်စေပါတယ်။
မြန်မာ အသုပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ သိပ် ပြောလေ့ မရှိကြဘူး။ မရှိဆိုတာကလည်း တရင်းတနှီး ဖြစ်လွန်းနေတာကိုး။ လူ့သဘာဝကကို နီးလွန်းရင် မမြင်တော့ဘူး မလား။ အရင်က အသုပ်ဆိုင် ဆိုပြီးတော့ ဆိုင်တွေ ဘာတွေနဲ့ ကျကျနန ဖွင့်ခဲ့၊ ဖွင့်ကြတာမျိုးလည်း သိပ် မရှိလှဘူးကိုး။ ဒီအတိုင်း ခေါင်းရွတ်ဗျပ်ထိုးသည်တွေနား ဝယ်စားရင်စား၊ ဒါမှမဟုတ် အိမ်မှာပဲ ကိုယ့်ကို သုပ်စားရင်စားပေါ့။ အများအားဖြင့်တော့ ကိုယ့်ကို သုပ်စားကြတာပဲ ဖြစ်လိမ့်မယ်။
ခုနောက်ပိုင်းမှာတော့ မြန်မာ အသုပ်ဆိုင်လေးတွေ တွေ့တွေ့လာနေပြီ ဖြစ်၏။ ကောင်းသော အချက်ပင်။ အသုပ်တွေ ဘာတွေ စားလိုသည့်အခါမျိုးမှာ အတော်လေး အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ ဒီနေ့ မြန်မာအသုပ် အစုံနီးပါးရသည့် အသုပ်ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက်ပေး လို၏။ ဆိုင်နာမည်က ဖွားလက်ရာ။ Ocean City Square, 4 th floor, Food Town မှာ ရှိပါတယ်။
အသုပ်တွေ အတော်ကောင်၏။ ပဲမှုန့် ထူထူ မဟုတ်ဘဲ အနေတော်လေးနဲ့ ကျန်ဟင်းခေတ်မှုန့်တွေ သေသေချာချာ အချိုးကျ ပေါင်းစပ်ပြီး သုပ်ပေးထား၏။ အထက်မှာ ပြောခဲ့တဲ့ Anton Ego လိုပဲ ကျနော်တို့လည်း ငယ်ဘဝကို တခေါက် ပြန်ရောက်သွားစေခဲ့ပါ၏။ အမေ၊ အဖွား သုပ်ပေးတဲ့ လက်ရာလေးလိုပါပဲ။ ဆိုင်နာမည်နဲ့ အသုပ်လေးက တကယ်ကို လိုက်ဖက်လှပါတယ်။ ကျနော်တို့က ရှောက်သီးသုပ်နဲ့ အသုပ်စုံ စားခဲ့ကြပါတယ်။ အစပ်ကတော့ မိမိစားနိုင်တဲ့ ပမာဏ တပါတည်း ပြောပြီးမှာပေါ့။
ထမင်းတို့ ဘာတို့ စားလိုရင်လည်း ကြာဖက် ထမင်းဘာညာတွေ ရပါသေးတယ်။ သူငယ်ချင်း တယောက်ကတော့ ကြာဖက် ထမင်း စား၏။ ထမင်းထက် ကျနော်ကတော့ အသုပ်ကို ပို သဘောကျမိပါတယ်။
နောက်ထပ် ကြိုက်တာ တခုက Fruit Bing Fen (သီးစုံ ပင်ဖိန်း) ပါ။ ဆိုင်မှာ လာရောက် စားသုံးသူတွေရဲ့ အကြိုက်ဆုံး တခုလို့ ဆိုပါတယ်။ ရုတ်တရက် ကြည့်ရင် သူ့ပုံစံက ရွှေရင်အေးလိုလို၊ ဖာလူဒါ လိုလို နဲ့။ ကျနော်က ရွှေရင်အေးတို့၊ ဖာလူဒါတို့ကို သိပ်မကြိုက်လှဘူး။ ဒါနဲ့ သီးစုံ ပင်ဖိန်းကို သောက်ကြည့်ဖို့ အင်တင်တင်နဲ့ပေါ့။ သူငယ်ချင်းက သောက်ကြည့် ကောင်းတယ် တိုက်တွန်းနေတာနဲ့ပဲ စမ်းကြည့်မိတော့ တကယ် ဟုတ်တယ် ဗျ။ တဇွန်း ကနေစလို့ တဇွန်းပြီး တဇွန်း စား၊ သောက် ဖြစ်သွားတော့တာပါပဲ။
သစ်သီးစုံ ပါနေတော့ ရွှေရင်အေး၊ ဖာလူဒါ တို့လောက် မအီတော့ဘူးပေါ့။ ဒါကပဲ သူ့ရဲ့ အားသာချက်ပဲ ထင်ပါရဲ့။ ပင်ဖိန်းကို အရသာ အမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ ကျနော်ကတော့ Original အရသာနဲ့ပဲ စားခဲ့ပါတယ်။ (ပျားရည်တို့၊ ဘာတို့ နဲ့လည်း ရနိုင်ပါသေးတယ်ဗျ) နောက်တခေါက်မှ တခြား အရသာနဲ့ပေါ့လေ။ ရွှေရင်အေး၊ ဖာလူဒါတို့ ကြိုက်တတ်သူဆိုရင်တော့ ခု ပင်ဖိန်းကို အတော်လေး ကြိုက်ကြမယ် ထင်ပါရဲ့။ ဒါကြောင့်လည်း သူက ဆိုင်ရဲ့ လူကြိုက် အများဆုံး တခု ဖြစ်နေတာကိုး။
အသုပ်နဲ့ သီးစုံပင်ဖိန်း အတွဲအဖက်က အစပ်အဟပ် တည့်မှန်းမသိ တည့်သွားခဲ့၏။ အသုပ်လေးစားလိုက် ပင်ဖိန်းလေး သောက်လိုက်နဲ့ (sorry စားလိုက်ပါ ထက်ဖြည့်မှ၊ သီးစုံ ကိုး) ဟုတ်နေရော။ နောက်ထပ်ကြိုက်တာ တခုက ငါးအရေခွံကြော် ဖြစ်၏။ ငါးကန်တို့ ဘာတို့မှာ စားရသည့် အကြော်တွေနဲ့ မတူပေ။ ငါးကန်ဆိုင်တွေက ငါးအရေခွံကြော်က ပါးချပ်ချပ် လေးတွေ၊ ဒီ ငါးအရေခွံကြော်က အတော် ထူ၏။ ထို အထူကြီးကို ကြွပ်အောင် ကြော်ထားပေး၏။ ထူပေမယ့် ပျော့နေတာမျိုး မဖြစ်နေပေ။ တခြား စားဖူးတဲ့ ငါးအရေခွံကြော်တွေထက်ကို ဒီက ငါးအရေခွံကြော်ကို ပို ကြိုက်မိ၏။
ငါးအရေခွံကြော် ကောင်းတယ် အကိုဟု ချီးကျူး မိတော့။ ဆိုင်ရှင် အကိုက သူတောင် ဆိုင်သိမ်း ပြန်တိုင်း စားဖို့ဆိုပြီး တထုပ် တထုပ်နဲ့ ယူယူ သွား ဖြစ်သည် ဆို၏။ အင်း... ငါးအရေခွံကြော် ရောင်းရငွေ အမြတ်က ဆိုင်ရှင် အကို ပြန်ယူစားနေတာနဲ့တင် ဘဲစား၊ ဘဲချေတွေ ဖြစ်ကုန်ပြီ ထင်ပါရဲ့။
ငါးအရေခွံကြော်က အချိုနဲ့ အစပ် ဆိုပြီး နှစ်မျိုး ရနိုင် ပါတယ်။ အထုပ်နဲ့ ထုပ်ပြီးသားတွေ မလို့ အသုပ်စားပြီး အိမ်မှာ စားဖို့ ထပ် ဝယ်သွားလို့လည်း ရပါသေးတယ်။
နောက်ထပ် ကြိုက်တာတခုက ...။ ဟ မင်းဟာက မကုန်တော့ဘူးလား မေးက ဒီတခု နောက်ဆုံးပါဟု ပြောရပေမည်။ အသုပ်စုံဆိုင် ဆိုပေမယ့် ထမင်းဆိုင်အလား အချိုပွဲတွေ ချပေး၏။ ဗိုက်ဆာချိန်မျိုး အသုပ် သွားစားပါက အရင်ချပေးသည့် အချိုပွဲကို အနည်းငယ်သာ စားရန် အကြုံပြုလိုပါ၏။
နောက်ဆုံး တခုကတော့... တကယ် နောက်ဆုံးပါ။ ဝန်ဆောင်မှုပါ။ ဆိုင်ရှိ လူအားလုံးက ဖော်ဖော်ရွေရွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုကို ပေးကြပါလိမ့်မယ်။ မယုံရင် သွားကြည့်လိုက်ပါ။
အသုပ်စုံနဲ့ ပင်ဖိန်းကို စား သောက်ကြည့် ချင်လို့ တမင်ပဲ သွားသွား၊ ဒါမှမဟုတ် City square ကို တခြားကိစ္စနဲ့ သွားရင်း Food Town ဘက် ရောက်ခဲ့ရင် ဖွားလက်ရာ အသုပ်စုံ ဆိုင်လေးမှာ ဝင်ရောက် သုံးဆောင်ကြည့်ပါလို့.....
(သီးစုံ ပင်ဖိန်းကို တယောက်ထဲတော့ သွားမသောက်ချင်ပါဘူး ဆိုရင်လည်း အဖော်လိုက်ခဲ့ ပေးပါ့မယ်။ ဤကား စကားချပ်။)
ဆိုင်လိပ်စာ
ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရေထွက်ဦး လမ်းထောင့်၊ Ocean City square, 4 th floor, food town, တောင်ကြီးမြို့။
https://www.facebook.com/profile.php?id=100093127369040&mibextid=ZbWKwL
https://www.facebook.com/profile.php?id=100092883687896&mibextid=ZbWKwL
#FoodMyChoice
#ဖွားလက်ရာ
#GrandmaBingFen
#PhyoeBakerySupply