ယနေ့ မိတ်ဆွေတဦးက မုန့်လာဥဖြူ၊ နီ များနှင့်
ပန်းမုန်လာပွင့်များလာပေးသည်။ အိမ်မှာလည်း
ဝက်ရိုးနှင့် မုန့်ညင်းများကို ဟင်းရည်ချက်စားသည်။
အိမ်ရှိ ပဲပုစွန်သီးမျကိုလည်း ချက်ထားသည်။
မိတ်ဆွေပေးလာသော မုန်လာဥနှင့် ပန်းပွင့်
များကို ဒီအတိုင်းထားပါက ညှိုးသွားပေမည်။
အိမ်မှာလည်း ရေခဲသေတ္တာမရှိ။
ဒီအတိုင်း ချက်စားရမှာလည်း ဆီ၊ ဆားကုန်မည်။
ဟင်းတွေများ၍ အကုန်စားနိုင်မည်မဟုတ်။
ဘာလုပ်ရမလဲ စဉ်းစားသည့်အခါ အချဉ်တည်ရန်
သတိရသည်။ ထိုကြောင့် နေ့လယ်စားအတွက်
ထမင်းချက်သော ထမင်းရည်ကို အအေးခံထား
လိုက်သည်။ မုန့်လာဥဖြူ၊ နီ များနှင့်
ပန်းမုန်လာပွင့်များ ကို လှီးချွတ်ရေဆေးကာ
ဆားရည်စိမ်ထားလိုက်သည်။ အိမ်မှာ သီးသော
ပဲပုစွန်သီးအနည်းငယ်ကိုလည်း ချဉ်ဖတ်စိမ်
ကြည့်သည်။ စားကောင်းမကောင်း စမ်းသပ်
ကြည့်မိသည်။
ဆားရည် သုံးနာရီခန့်စိမ်ပြီးသော အသီးအပွင့်
များကို ရေစစ်ထားလိုက်သည်။ ထိုနောက်
အအေးခံထားသော ထမင်းရည်ကို ဆားအနည်း
ငယ်ဖြင့် ဖျော်ပြီး ဘူးတခုမှာထဲ့၍ အချဥ်တည်
ထားလိုက်သည်။ ချဉ် မချဉ်တော့ မသိပေ။
ထမင်းစားသည့်အခါ မြန်မာပါးစပ်အများက
အချဉ်၊ အငံနှင့် အစပ်လေးများပါမှ ခံတွင်းမြိန်
ကြသည်။
ကိုယ်တွေ ယနေ့ အချဉ်စိမ်ပါမှ တိုက်တိုက်
ဆိုင်ဆိုင် ပြည်သူ့အချဉ်ဖတ်ကြီးကလည်း
သက်တမ်းတိုးကာ ပြည်သူ့ အချဉ်ကို ဆက်လက်
ခံယူတော်မူလေသည်။ ပြည်သူ့ အချဉ်တင်မက
ပြည်သူ့ စိမ့်ရည်ပါ သင့်လေမည်။ အမျိုးမျိုး
သောဒုက္ခများကို ခံကြရသော ပြည်သူများ
အတွက် သူတို့သည်လည်း အမျိုးမျိုးသော
သောက ပရိဒေဝ ဖြစ်ပေမည်။ စားကောင်းခြင်း၊
အိပ်ကောင်းခြင်းများလည်း သူတို့အတွက်
ဝေးကွာနေပေမည်။
ယနေ့အတွက် မျက်စိက ကြည့်မကောင်းပေ။
မျက်ရည်တုခပ်ရပေမည်။ မျက်ရည်တု
မခပ်သည်မှာလည်း ကြာပေသည်။
မျက်လုံးက ယား၍ မျက်ခွံက အနည်းငယ်ရောင်နေသည်။
ထိုကြောင့် စာအနည်းငယ်သာ ရေးတင်လိုက်ရပါသည်။
@htwegyi
January 31, 2025