ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်စေသည်။ ဘယ်လိုရေးရေး၊
ဘယ်လိုပင်ပြောပြော အဲ့သဟာ၊ အဲ့စာသားက
သူ့ဟာသူ ရေးမြဲ၊ ပါမြဲ သည်သာဖြစ်သည်ဟု
ကျုပ်တို့ ရွှေမြန်မာများက ဂရုပင် မပြုကြပါချေ။
သောက်မြဲ၊ ဖွာမြဲ လူအများထဲလည်း ယဉ်ကျေးမှု
ဆိုတာ ကျွန်တော်၊ ကျွန်မ မသိပေါင် ဆိုသည်က
အများသာ။
အဲ မသိပေါင်တွေကို သိအောင် ဒဏ်ကြေး
ဆောင်ရအောင်ဆိုတော့ အလစ်မှာ ပြုလုပ်ကြ
သေးတာကလား။ တခါတရံ၌မူ လူ့ယဉ်ကျေးတွေ
လုပ်တတ်ကြပါသေးသည်။ သို့သော်လည်း
နောက်မကြာပါ ဒုံးရင်း ဒုံးရင်းဆိုသလို။
အများပြည်သူဆိုင်တဲ့နေရာဆိုသည်မှာ
ဒဏ်ကြေး၊ အကြောက်တရားများဖြင့်
မသောက် မဖွာပါသော်လည်း မိမိအိမ်၌မူ
ငါ့မြင်း င့ါစိုင်း စစ်ကိုင်းရောက်ကြသူက
ရှိကြသေးသည်။
စည်ကမ်းအစ စာသင်ကျောင်းက
ဟု ဆိုသော်ငြား ကျောင်းအတွင်း၌သာ
စာသားကြီးရှိနေသည်ပင်။ ထိုစာသားကြီးက
ကျောင်းနံရံမှာသာ ကျန်ခဲ့ရှာသည်။
ကျောင်းပြင်ပရောက်သည်နှင့် ကိုယ်နှင့်
မဆီလေးတဲ့မှ မဆိုင် ဖြစ်ပေတော့သည်။
"ဆေးလိပ်လည်း တို
နေလည်း ညိုပြီး ငါ့ကို
အိမ်ပြန်ပို့ကြလော့"
တချိန်က ထိုစာသားသည် လူအများကို
အဓိပ္ပါယ်အမျိုးမျိုးဖွင့်စေခဲ့သည်။ ဆေးလိပ်တို
အကြောင်းရေးဖို့ အဲ့သလို အစပြုခဲ့ရတာက။
ညီပုလေး၏ ဖင်စီခံနေ့စဉ် ဝတ္ထုတိုများအကြောင်း
ဖတ်ရင်းနှင့် အတွေးဝင်ကာ ရေးသားခြင်း
ဖြစ်သည်။
ညီပုလေး၏ ဖင်စီခံနေ့စဉ် ခေါင်းစဉ်ကြီးက
အသို့နည်း သိချင်စိတ်ဖြင့် ဖတ်ကြည့်ခြင်းလည်း
ဖြစ်သည်။ ဖတ်ကြည့်သည့်အခါမှ ဆေးလိပ်
တလိပ်၏ ဖင်စီခံအကြောင်းနှင့် ပတ်သက်၍
ရင်နင့်ဖွယ် ဇာတ်လမ်းဖြစ်သည်။ အကို ဖြစ်သူက
ညီဖြစ်သူအတွက် အနစ်နာခံကာ ထောင်ကျခံသည်။
သို့ပေသိ ညီဖြစ်သူက ရောဂါကြောင့် အပြင်မှာ
သေဆုံးသွားသည်။ ညီသေဆုံးသည်ကို
မိသားစုက မပြောကြပေ။
ထောင်အတွင်း ဆေးလိပ်ဖင်စီခံတခုကို ဖြည်း၍
စာဖတ်ကြည့်ရာမှ။ နေ့စဉ်သတင်းစာ၏ နာရေး
အကွက်စာသားကို ဆေးလိပ်ဖင်စီခံအဖြစ်အသုံပြုထားသည်။
ထိုနာရေးသတင်းက တိုက်ဆိုင်စွာ
ညီဖြစ်သူ၏ နာရေးဖြစ်နေသည်။ ထိုအကြောင်း
ကို ရေးသားထားသည်။ တိုက်ဆိုင်မှု ဆိုသည်က
အင်မတန် ထူးဆန်းသည့်အဖြစ်များပင်။
လူ့ဘဝ၊ လူ့လောကကြီးမှာလည်း အခြားသော
ထူးဆန်ဖွယ်၊ တိုက်ဆိုင်မှုများလည်း အများအပြား
ရှိပေအုံးမည်။ လူ့ဘဝဆိုသည်က ကောင်းတာက
နည်းနည်း၊ ဆိုးသည်က များများဖြစ်သည်။
သို့ပေသိ ထို အကောင်းနည်းနည်းကိုပင်
ခုံမင် တွယ်တာ မက်မောနေကြသူက
သူသူငါငါ အများသာပေပင်။
@htwegyi
November 18, 2024