စနေနှစ်ဦးနှင့် ကျောက်ဖရုံပင်။

in #hive-1221332 months ago

ကျွန်တော်တို့ခြံအတွင်းမှာ ကျောက်ဖရုံပင်လေး
ပေါက်နေသည်။ များသောအားဖြင့် အပင်ပေါက်လေးများ ပေါက်လာပါလျှင် ဘာပင်ဟု အတိအကျ
မသိပါ။ သို့ပေသိ ကိုယ်တိုင် မျိုးစေ့၊ အစေ့များကျဲချ၊ ပစ်ချထားပါမူ ဘာပင်ဖြစ်သည်ဟု သိနိုင်သည်။ကျောက်ဖရုံသီးပင်ဟု အဘယ်ကြောင့် တပ်အပ်
သိပါသလဲဆိုပါရင်။ ကျွန်တော့်အမက သူဈေးမှ
ဝယ်လာသော ကျောက်ဖရုံသီးစေ့များကို
ထိုရေကန်ဘေးမှာ ကျဲဖြန့်ထားသောကြောင့်
ဖြစ်ပေသည်။

ကျောက်ဖရုံပင်လေးများက လေးငါးပင်ပေါက်နေသည်။
နှစ်ပင်က အတော်ကြီးလာသည်။
အညွန့်လေးများ လေးငါးညွန့်ထိုးထိုးထောင်ထောင်
ဖြစ်လာသည်။ ထိုသို့ အညွန့်လေးများထိုးထွက်လာ
သည်ကို အမက အရိပ်တကြည့်ကြည့် ဖြစ်နေသည်။
တနေ့တော့ ကျွန်တော့်အကို တာယာပွကြီးက
ငံပြာရည်ချက်ဖြင့် တို့စားရန် အရွက်မရှိ၍
ထိုကျောက်ဖရုံညွန့်များကို ခူးပြီးပြုတ်တို့စား
လေသည်။

အဲ့မှာ စနေနှစ်ယောက် စကားများကြပါတော့သည်။
အမ စနေ၊ အကိုစနေ သူရို့နှစ်ဦး တဦးနှင့် တဦး
စကားရည်လုပွဲကြီး ကျင်းပကြပါတော့သည်။
စကားရည်လုပွဲက အရှိန်မြှင့်၍ ကြားက
ကျောက်ဖရုံပင်လေးများ ဆွဲနှုတ်ခြင်းခံကြရလေသည်။
မောင်နှမနှစ်ဦး တယောက်တပင်စီ
နှုတ်ပစ်လိုက်ရာ အပင်ပေါက်လေး နှစ်ပင်သာ
ငုတ်တိကျန်ရှိနေလေးတော့သည်။

ဤသို့ဖြင့် စိတ်အလိုလိုက် ဒေါသရှေ့ထားကြသော
မောင်နှမနှစ်ဦးကြောင့် အပြစ်မဲ့သော ကျောက်ဖရုံ
ပင်လေးတွေ သေသွာကြပေသည်။ သို့ပေသိ
ကျောက်ဖရုံမျိုး သေရိုမရှိဟု ကျန်ရှိနေသော
သကောင့်သား ကျောက်ဖရုံပင်ပေါက်များက အပြိုင်အဆိုင် ဆက်လက်ကြီးထွားလာကြသည်။

ကျောက်ဖရုံပင်များက ကြီးထွားလာသည်မှာ
အပွင့်များက ဝါဝါထိန်ထိန်လှပစွာပွင့်လာကြသည်။
အပွင့်များနဲ့အတူ အသီးကင်းလေးတွေပါ တွဲခို
သီးလာကြလေသည်။ ဒီအခါမှာတော့ စနေမောင်နှမ
နှစ်ဦးစလုံး အသီးကင်းများကို အရိပ်တကြည့်ကြည့်
ညီညာစွာကြည့်ကြလေသည်။

ဟို အပွင့်က အသီးမတင်ဘူး။
ဒီအပွင့်က အသီးပါ တခါတည်း ပါလာတာဟေ့။
ဟယ် ဒီအသီးလေးကတော့ ပြောင်ပြီးစိမ်းနေတာ
အသီးတင်လောက်တယ်။ ဒီအသီးကတော့
အခြေအနေမကောင်းဘူး အဝါရောင်သန်းနေတာ
မတင်လောက်ဖူး။ စသဖြင့် ကျောက်ဖရုံသီးလေး
များကိုကြည့်၍ မောင်နှမနှစ်ဦး အတိုင်အဖောက်
ညီနေကြသည်။

ကျောက်ဖရုံသီးလေးများက တဖြည်းဖြည်းဖြင့်
ထွားလာသည်မှာ အတော်ကြီးလာကြပေသည်။
တွဲလောင်ကျနေသော အသီးများက ‌ခေါင်နှင့်
မလွတ်၍ စင်ပေါ်သို့ တင်ပေးထားရသည်။
ကျောက်ဖရုံသီးများက အသီးဘေးမှာ ဆူးလေး
များပါသည်။ နုစဉ်မှာ ဆူးလေးများရှိ၍ ရင့်လာသည့်
အခါမှာ ဆူးလေးများ တုန်သွားပေမည်ဟု သိရသည်။

ယခုအချိန်မှာတော့ ကျောက်ဖရုံသီးလေးများက
ကျောက်ဖရုံသီးကြီးများဖြစ်လာလေသည်။
စင်ပေါ်မှာ ကျောက်ဖရုံးသီးအကြီး လေးလုံးရှိပြီး
စင်အောက် တွဲခိုနေသော အသီးသေးလေးက
နှစ်လုံးရှိသည်။ ကျောက်ဖရုံသီးရင့်ချိန်က
မည်မျှကြာသည် မသိရပေ။ ရင့်ချိန်မှ ခူး၍
ကြက်သားဖြင့် သားပြွန်းချက်စားရပေမည်။

@htwegyi
August 13, 2024

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻