မိုးတိမ်ဖြူဖြူများက အုပ်စုဖွဲ့၍ အလိပ်လိုက်
ကောင်းကင်ပြာပေါ်မှာ တည်ရှိသည်။
လေရူးက ဝှေ့၍ တိုက်ခတ်သည်။ မကြာခင်
အချိန်မှာပင် မိုးသားမဲများက ရောက်ရှိလာသည်။
မိုးသားတိမ်မဲများနဲ့အတူ ဝေါကနဲ့ အသံပြု၍
တိုက်လေယာဉ်တစင်းက အိမ်ခေါင်းမိုးပေါ်မှ
ဖြတ်သန်းမောင်းနှင်းသွားသည်။
ရာသီဥတုက ချက်ချင်းဆိုသလို မဲမှောင်လာသည်။
စောစောအချိန်က ကောင်းကင်ပြာအောက်မှာ
တိမ်ဖြူများက နေရာယူထားသည်။ မိုးတိမ်ဖြူနှင့်
ကောင်းကင်ပြာကို ကြည့်နေစဉ်အတွင်းမှာပင်
မိုးသားတိမ်မဲများက ရုတ်ချည်ရောက်လာသည်
ပတ်ဝန်းကျင်တခွင်လုံး နေရာင်ခြည်မှ
ကင်းလွတ်ကာ အပူရှိန်လျော့ပြီး လေတဖြူးဖြူး
တိုက်ခတ်လာသည်။
ခြံဘေး ကိုယ်ပိုင်ကျောင်းမှ ဆရာမတဦး၏
ကျောင်းသူ/သားများကို မိုက်ဖြင့် ပြောကြား
နေသည်ကို ကြားရသည်။
"မင်းတို့ကို တီချယ် ပြောထားတယ်။
တစ်ဘာသာကို ရှစ်မှတ်ပြည့် ရ ရမယ်လို့
ပြောထားတယ်။ ခု ရှစ်မှတ်မပြည့်တဲ့သူတွေ
ရှေ့ထွက်ရမယ်၊ ပြီးရင် မင်းတို့ကို တီချယ်
တချက်စီရိုက်မယ်"
တီချယ်၏ ကျောင်းသူ/သားများအမည်ကို
ခေါ်သံအပြီး ကျောင်းသူ/သားမျာက နောက်မှ
ဆက်လက်၍ အမည်ကို အော်ကြပြန်သည်။
ပတ်ဝန်းကျင် ရာသီက မိုးသားများကြောင့်
ပူရာမှ နေရောင်မရှိ၍ အနည်းငယ်အေးသွားသည်။
ကျွန်တော်က ယခုစာရေးနေစဉ်အချိန်အတွင်း
ပတ်ဝန်းကျင်မှ မြင်ရ၊ ကြားရသော အကြောင်း
အရာများကို စာစီလိုက်ခြင်းဖြစ်သည်။
ယခုလို အကြောင်းအရာများကို ငယ်စဉ်
ဝတ္ထုများ ဖတ်စဉ်က ကျော်၍ ဖတ်ခဲ့သည်။
ဝတ္ထု၏ အဓိက ဇာတ်လမ်းကို သိချင်တာလည်း
ပါသည်။ စာရေးသူ၏ နိဒါန်းမှာ ထိုသို့
ပတ်ဝန်းကျင်၏ အခြေအနေ၊ ရာသီဥတု
စသဖြင့် နိဒါန်းချီထားပါရင် အများအားဖြင့်
ကျော်ဖတ်သည်။
အဲ အချို့ဝတ္ထုများက စစခြင်းမှာပင် စာဖတ်သူကို
စိတ်ဝင်စာဖွယ်ဖြစ်အောင် ရေးသားကြသည်။
ထိုဝတ္ထုမျိုးကိုဖြင့် ကျော်မဖတ်ပဲ အစဦးမှပင်
ဖတ်တတ်ကြသည်။ ဒီလိုပါပဲ လူ့ဘဝဟူသည်မှာလည်း
ရိုးရိုးသာမန်လူများကို စိတ်မဝင်စားကြပေ။
သာမန်ရိုးရိုးထက်ပို၍ ထူးထူးဆန်းဆန်း
ပြုမူသူများကို စိတ်ဝင်စားတတ်ကြပေသည်။
သို့ပေသိ ကိုယ်တွေဘဝသည်က ရိုးရိုးသာမန်
ဖြင့်သာ လှုပ်ရှားရုန်းကန်နေရသည်ကိုက
အေးချမ်းနေပါသည်။ ထိုသို့ အေးချမ်းသည့်
ဘဝ ရရှိဖို့ မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်း
ပါစေဟု ဆုတောင်းရပေအုံးမည်။
@htwegyi
October 31, 2024