မင်္ဂလာပါ။ ယခုတလော ဂယက်ထနေသည့် အကြောင်းအရာကတော့ ကျောင်းအပ်မည်လော မအပ်မည်လော ပြသနာ ဖြစ်ပါသည်။ အချို့မိဘများကလည်း မိမိတို့သားသမီး ၂ နှစ် ကျောင်းနောက်ကျပြီးပြီဆိုတော့ နောက်ထပ် ဆက်ပြီး မနောက်ကျစေချင်တော့ပါ။
ဤ နေရာတွင် ပြောစရာ ဖြစ်လာသည်က အသက်ဖြစ်ပါသည်။ ယခင်က ၁၆/၁၇ ဆိုလျင် ဆယ်တန်းအောင်ပြီ ၊ တက္ကသိုလ် ၄ နှစ်တက် ၂၂/၂၃ ဆိုလျင် လုပ်ငန်းခွင် ဝင်နိုင်သော အရွယ်သို့ ရောက်ပြီ ဖြစ်ပါသည်။ ယခု ပညာသင်နောက်ကျ၍ လုပ်ငန်းခွင် ဝင်နိုင်သော အရွယ်တို့ နောက်ကျတော့မည်။
အချို့ကလည်း ဘာမှ မတတ်သူများ သင်ပေးသည့် ပညာရေး ဘာမှ တတ်မည်မဟုတ် ဟူ၍။ သို့သော်လည်း ဤ ဘားမှမတတ် ကျက်စာဖြေသည့် စနစ်က အခုမှ စခဲ့သည် မဟုတ်ပါ။
နှစ်ပေါင်း ၆၀ ကျော်မျှ အမြစ်တွယ်နေသော ပညာရေးစနစ်တွင် အချို့ကလည်း ကျောင်းအမြန်ပြီး ဘွဲ့အမြန်ရ လုပ်ချင်နေကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ဘာမှ မတတ်လည်း ဘွဲ့လက်မှတ် တခုက သူ့နေရာနှင့်သူ အရေးပါနေသေးသော ကြောင့် ဖြစ်ပါသည်။
၂၀၂၀ တွင် ကျောင်းများ ပိတ်ထားခဲ့ကြသည် ။ ၂၀၂၁ တွင် မူလတန်း ခလေးမှ တက္ကသိုလ် ကျောင်း အထိ လမ်းမပေါ်တွင် ရှိနေခဲ့ကြသည်။ ၂၀၂၂ တွင် ကျောင်း ၃ လခန့် ဖွင့်ကာ စာမေးပွဲ ဖြေပေးလိုက်သည်။ ဤ ၂၀၂၂ တွင် ၃ လခန့် ကျောင်းတက်ရုံမျှ ဖြင့် ယခု ဇွန်လပိုင်းတွင် အတန်းတက်သွားကြပြီ ဖြစ်ပါသည်။ ပြသနာက ယခုမှ စခြင်း ဖြစ်ပါသည်။
မိမိနှင့် ၈ တန်းအတူတက်နေသော သူငယ်ချင်း ။ လွန်ခဲ့သော ၂ နှစ်ပတ်လုံးတွင်လည်း စာနောက်မကျစေရန် ဆရာများခေါ်၍ ၉ တန်းစာ / ၁၀ တန်စာများ ကြိုတင် သင်ထားခဲ့ကြသည်။ သို့သော်မိမိ သူငယ်ချင်းက ကျောင်း ၃ လ သွားတက်၍ ၈ တန်းအောင်သွားကာ ယခု ၉ တန်းတက်တော့မည်။
မိမိကယခုမှ ကျောင်းအပ်သည်ဆိုတော့ ၈ တန်းအောင်လက်မှတ် မပြနိုင်၍ ၈ တန်းမှ ပြန်တက်ရမည်။ ထိုခလေးမလေး ကျောင်းမတက်ချင်တော့ပါ။ အများနည်းတူ ၂ နှစ် ကျောင်းမတက်ခဲ့ရသော်လည်း မိမိက ၃ နှစ်စာ နောက်ကျ သွားခဲ့ရပြီ ဖြစ်ပါသည်။
မိဘများကလည်း ထိုခံစားချက် အတိုင်းသာ ။ သူ့သားသမီး ငါ့သားသမီး တန်းတူ ကျောင်းတက်နေရာမှ ယခု တတန်း နောက်ကျ တက်ရတော့ မည့် အဖြစ်။ အချို့က ကျောင်းပြန်တက်ကြတော့မည်။ အချို့က တက်စရာကျောင်း မရှိတော့။ အချို့ကျောင်းကတော့ တက်စရာ ကျောင်းသား /ဆရာ မရှိသည့် အဖြစ်။
ဆရာဦးအောင်သင်း ကတော့ ပြောခဲ့ပါသည်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အနာဂတ်လူငယ် တွေရဲ့လက်ထဲ တိုင်းပြည် အပ်ထားခဲ့ရမည် ဖြစ်ပါသည်။ လူငယ်များ ပညာမတတ်လျင် ........
Henry Aung ( Kachin )
01/06/2022 - Wednesday - 17;58 Pm