မင်္ဂလာပါ။ လွန်ခဲ့သော ရက်များက Hive ဈေးတက်လျင် မိုတီဗိတ် တက်လာသည်ဟု ရေးမိသော ကြောင့်လားမသိ။ ယနေ့ Hive ဈေးက ကျွန်တော့အား ရွဲ့ ချင်သော ကြောင့် ဖြစ်မည် ထင်ပါသည် ပြား ၇၀ အထိ ဆွဲချသွားခဲ့ပါသည်။ ဤသို့ ဈေးများ တအိအိ ကျလာလျင် လွန်လေပြီးသော ကာလများကို သတိရလေလေသာ ဖြစ်ပါသည်။
အမှန်တော့ လက်ရှိ Hive Platform ပေါ်တွင် ထုသာပေသားကျ နေကြသော အကောင့်များသည် ဤ Social Media Blockchain ၏ ရိုက်ခတ်မှုများ အား အကြိမ်ကြိမ် ကြုံခဲ့ကြရပြီး ဖြစ်ပါသည်။ Steemit တွင်လည်း Steemit အလျောက် Hive တွင်လည်း Hive အလျောက်။
ယခုလည်း $3 ကျော်အထိ ကလိတိတိ ရိတိတိ လုပ်ခဲ့သော Hive သည် ကျွန်တော်တို့၏ စိတ်ဓါတ်အား မည်မျှ အထိ ဆွဲချသွားအုံးမည် မသိသေးပါ။ 3$ မှ 2$ ဝန်းကျင် ကိစ္စမရှိသေး သာသာယာယာ ရှိနေသေးသည်။ 2$ မှ 1$ အထိ အခြေအနေကောင်းတုန်း ။
Hive ဈေး 1$ တွင် တန့်နေလျင် ကျွန်တော်တို့ လစဉ်ဝင်ငွေလေးက မဆိုးဘူး ဟုပြောရမည့် အခြေအနေဖြစ်ပါသည်။ 1$ နှင့် ပြား ၉၀ ကြား။ ကိစ္စမရှိသေး မကြာခင် ဈေးပြန်တက်လာပါလိမ့်မည်။ ပြား ၉၀ မှ ပြား ၈၀ ဝန်းကျင် တွင်တော့ အခြေအနေ စောင့်ကြည့် ရအုံးမည်။ မိမိလုပ်စရာရှိတာ လုပ်နေရုံ ဟူ၍။
ပြား ၇၀ ခန့်မှ ပြား ၅၀ ခန့် အရောက်တွင် မိမိစာရေး၍ ရသည့် post များကလည်း Ecency မကယ်လျင် ကျပ်မပြည့်ချင်တော့။ ထို့ကြောင့် ပြား ၅၀ ခန့်တွင် အတော်များများ လက်ပန်းကျသွားတတ်ပါသည်။ ယခုလည်း Hive က ပြား၅၀ သို့ ရောက်ရန် ကလိတိတိရိတိတိ လုပ်နေပြီ ဖြစ်ပါသည်။ ယခုအချိန်ထိတော့ ကျွန်တော့ မိတ်ဆွေများကလည်း ပန်းပန်နေဆဲဖြစ်ပါသည်။
လူသစ်အတော်များများကတော့ အနားယူသွားကြသည်ကို တွေ့ရပါသည်။ ဤသည်ကလည်း ကျွန်တော်တို့ အနေဖြင့် ကြုံဖူးလှပြီ ဖြစ်၍ မထူးဆန်းတော့ပါ။ ရင်ထဲရှိသည့် အတိုင်း အမှန်ကို ဆိုရလျင် ဤ Passive income ရှာဖွေမှုသည် မိမိတို့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနှင့် အများကြီးသက်ဆိုင်ပါသည်။
ဆိုလိုသည်မှာ မိမိတွင် ပူပန်သော က ကင်းလျင် ကင်းသလောက် မိမိစိတ်ကြည်လင်သော ကြောင့်အခြားသော ကိစ္စများတွင် အာရုံထားနိုင်ပါသည်။ ကျွန်တော့ ဆိုလိုရင်းမှာ ယခု Post ပုံမှန် တင်နေသူများက အပူပင် ကင်းနေကြသူများဟု ဆိုလိုရင်း မဟုတ်ပါ။ ဤ သူများကတော့ ကျွန်တော် အထက်တွင် ဆိုခဲ့သလို ထုသာပေးသားကျနေသူများ ဖြစ်ပါသည်။
ကိစ္စကြီးငယ် ရှိလျင် ခေတ္တမျှ ပျောက်သွားမည် အချိန်တန်လျင် Hive ပေါ်သို့ ပြန်ရောက်လာသည်ချည်းသာ ဖြစ်ပါသည်။ ဈေးကျခြင်း တက်ခြင်းက ဤသူများအား Hive Platform မှ စွန့်ခွာရန် မည်သို့ မျှ တတ်နိုင်မည် မဟုတ်ပါ။
ဒုတိယအချက် မှာ မိမိတို့ Power ကြောင့် ဖြစ်ပါသည်။ Power မည်မျှ အရေးကြီးသည် မည်သို့ စုမှ ရမည်ကို သိသော သူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ ၏ Blockchain Social media လောကတွင် ကျင်လည်ရာ၌ ၂၀၁၆ Steemit မှ စပြီး လူပေါင်းစုံ အကောင့် ပေါင်းစုံ ဖြင့် ထိတွေ့ ဆက်ဆံခဲ့ကြရပါသည်။ အချို့က ခဏလေး ရောက်လာကြသည် ။ အချို့က တနှစ် နှစ်နှစ် နေသွားကြသည်။
Steemit အား စွန့်ခွာပြီးနောက် Hive Platform သို့ ဒရွတ်တိုက် လိုက်ပါလာကြသည့် အကောင့် လက်ဆယ်ချောင်း မပြည့်ဟု ထင်ပါသည်။ အချို့ကလည်း Blockchain gaming တွင် နေရာယူကာ အသားကျသွားကြပြီ ဖြစ်သလို အချို့ကလည်း မြန်မာစာ ဖြင့် စာရေးသားက post တင်နေကြဆဲ။
ခပ်ကြမ်းကြမ်း ဥပမာ ပေးရလျင် အနှစ် ၃၀ / ၄၀ စသည်ဖြင့် ထောင်ကျသူများအား နှစ်ကြီးသမား ဟုပြောကြလျင် 2016 မှ စတင်ခဲ့သော ဤ Blockchain Social Media ခရီးတွင် အကောင့် တခုတည်းဖြင့် တစိုက်မတ်မတ် ကြံ့ကြံ့ခံ စီးမျော နေကြသူများသည် Blockchain Social Media နှစ်ကြီးသမားများဟု ဆိုချင်ပါသည်။
ဤသူ များသည် တချိန်ကြလျင် မြန်မာ Blockchain Social Media ၏ အစဦး အကြောင်းများအား အပြည့်အဝ ပြောခွင့် ရမည့်သူများ ဖြစ်ကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ဤသူတို့၏ Blog တွင် တင်ထားခဲ့ကြသော စာ / ဆောင်းပါးများက သက်သေပြကြပါလိမ့်မည်။
အမှန်ဆိုရလျင် ဤ အကောင့် တခုတည်းဖြင့် ယခုအချိန်ထိ ဇွဲလုံးလဝရိယ အပြည့်ဖြင့် Hive Platform တွင် စီးမျော နေကြသူများသည် " စမ်းချောင်းကလေး နှင့်တူသော အကောင့်များ " ဖြစ်ကြပါသည်။ ကျွန်တော်တို့ ၁၀ တန်းတွင် သင်ခဲ့ကြရသော The Brook ကဗျာအား မှတ်မိ ကြအုံးမည်ဟု ထင်ပါသည်။
(For men may come and men may go , But I go on forever ) စမ်းချောင်းကလေး စီးဆင်းလာရာ လမ်းတလျှောက် ပတ်ဝန်းကျင်များ / လူသားများ / နှစ်လရက်များသာ ပြောင်းလည်းသွားကြပါသည်။ စမ်းချောင်းကလေးကတော့ စီးဆင်းမြဲသာ ဖြစ်ပါသည်။
ခေတ်ကာလ အခြေအနေကောင်းသွားလျင်တော့ ဤ မြန်မာ Blockchain Social Media နှစ်ကြီးသမားများ ( သို့မဟုတ် ) စမ်းချောင်းကလေးနှင့်တူသော အကောင့်ပိုင်ရှင်များအား သီးသန့်တွေ့ဆုံပွဲ တခုလုပ်ပေးရန် ကြံစည်ထားပါသည်။ ထို အချိန်ကြလျင် ကျွန်တော်တို့ စကားအများကြီး ပြောနိုင်ပါလိမ့်မည်။
Henry Aung ( Kachin )
08/05/2022 - Sunday - 18;15 Pm