မင်္ဂလာပါ။ ယမန်နေ့က ဖေါ်ပြပေးခဲ့သော ငွေကြေးတို့ အကြောင်း အား ဆက်လက်ဖေါ်ပြပေးပါမည်။ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ၁၇ ရာစုခန့်မှ စခဲ့သော အာမခံ စက္ကူ ငွေကြေးသည် ၁၉ ရာစု အစပိုင်းတွင် အတော်လေး ပလူပျံနေခဲ့ပြီ ဖြစ်ပါသည်။
အစိုးရကလည်း အာမခံစက္ကူ ထုတ်သည် ၊ ကုန်သည်များကလည်း အာမခံ ငွေစက္ကူ ထုတ်သည် ၊ မတူညီသော ဘဏ်ပေါင်းစုံကလည်း အာမခံ ငွေစက္ကူ ထုတ်ကြသည်။ အမေရိကန် တနိုင်ငံတည်းကပင် မတူညီသော ပြည်နယ် ၄၉ ခုရှိရာ ပြည်နယ် အစိုးရများကလည်း အာမခံ ငွေစက္ကူ ထုတ် / မတူညီသော ဘဏ်များကလည်း ငွေစက္ကူ ထုတ်ကြဖြင့် အာမခံငွေစက္ကူ များ ဖေါင်းပွလာပါတော့သည်။
သို့သော် တူညီသည့် အချက်က ဤသို့ အာမခံ ငွေစက္ကူ ထုတ်တိုင်း ထုတ်တိုင်း ထုတ်ဝေသူက ထိုငွေစက္ကူ ပမာဏနှင့် ညီမျှ သော ရွှေချောင်း များအား အစိုးရ ဘဏ္ဍာ တိုက်အတွင်းသို့ သွင်းရပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ မတူညီသော အာမခံ ငွေစက္ကူ များ ထုတ်ဝေနေကြသော်လည်း ရွှေပေါင် ထား၍ ထုတ်ဝေခြင်း ဖြစ်သဖြင့် တန်ဖိုးရှိနေသည်သာ ဖြစ်ပါသည်။
၁၉၁၃ ခုနှစ် ခန့်တွင် တွင် အမေရိကန် နိုင်ငံရေးသမားများ နှင့် ဘဏ်လုပ်ငန်းရှင်များက အားလုံး တပြေညီတည်း အသုံးပြုနိုင်မည့် ငွေကြေးတရပ်အား အကောင်ထည်ဖေါ်ရန် ကြံစည်ကြပါတော့သည်။ ဤနည်းဖြင့် ငွေကြေး ထုတ်ဝေပေးမည့် Federal Reserve System ဆိုသည့် အဖွဲ့ အစည်း ပေါ်ပေါက်လာပါတော့သည်။
ဤ Federal Reserve System အဖွဲ့အစည်းမှာ အစိုးရအဖွဲ့အစည်းမဟုတ်ပါ။ သူ၏ တာဝန်မှာငွေကြေး အား ထိန်းသိမ်းရိုက်ထုတ်ပေးရန် ဖြစ်ပါသည်။ ဥပမာ ပြရလျင် အမေရိကန် ဗဟိုဘဏ်က ဒေါ်လာ ၁ ဘီလီယံ ရိုက်ထုတ်ရန် Federal Reserve System သို့ ရွှေ ၁ ဘီလီယံ ဖိုးပို့လိုက်ပါသည်။
Federal Reserve က ငွေသား ဒေါ်လာ ၁ ဘီလီယံ ဖိုး ရိုက်ထုတ်ပေးလိုက်ပါသည်။ ဗဟိုဘဏ်က ထိုငွေများအား ပုဂ္ဂလိက ဘဏ်များသို့ အတိုးနှုန်း မည်မျှ ဟူ၍ ချေးပေးလိုက်သည် ၊ ပုဂ္ဂလိက ဘဏ်များကလည်း စီးပွားရေး သမားများ လုပ်ငန်းရှင်များ ထံသို့ အတိုးနှုန်း မည်မျှ ဟူ၍ ပြန်ချေးပေးလိုက်ကာ စီးပွားရေးအား လည်ပတ်စေပါတော့သည်။
သို့သော် ၁၉၂၉ တွင် ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ကာ စီးပွားပျက်ကပ် စဖြစ်လာပါတော့သည်။ အပြည်အစုံ သိချင်လျင်တော့ wiki တွင် 1929 the Great Depression ဟူ၍ ရိုက်ထည့်ပြီး ဖတ်ရှုနိုင်ပါသည်။ အမေရိကန် အစိုးရ ကလည်း ထို စီးပွားပျက်ကပ်အား ကျော်လွှားရန် ငွေကြေး ရိုက်ထုတ်ရန် စီမံရပါတော့သည်။
သို့သော် အစိုးရတွင် ဒေါ်လာ ရိုက်နှိပ်ရန်အတွက် ရွှေပေါင် တင်ရန် လုံလောက်သော ရွှေများ မရှိတော့ပါ။ ဤသို့ ဖြင့် ၁၉၃၃ တွင် သမ္မတ ရုစဘဲ့က အမေရိကန် တနိုင်ငံလုံးသို့ အရေးပေါ်ကြေညာ ချက်တစောင် ထုတ်ပြန်လိုက်ပါသည်။ ထိုကြေညာချက်မှာ အမေရိကန် နိုင်ငံသားတိုင်း မိမိတို့ ပိုင်ဆိုင်သော ရွှေ / ရွှေပေါင် လက်မှတ် / ရွှေအာမခံလက်မှတ် အစရှိသော ရွှေနှင့် ပတ်သက်သော အရာအားလုံး Federal Reserve သို့ အစိုးရကသတ်မှတ်ထားသော ဈေးနှုန်း ဖြင့် လာရောက် ရောင်းချရမည် ဖြစ်ပါသည်။
လာရောက် ရောင်းချခြင်း မပြုပဲ တရားမဝင် ရွှေ ပိုင်ဆိုင်ထားသူတို့ အဖမ်းခံရကာ ထောင်ချခံရမည် ဖြစ်ပါသည်။ ဤ နည်းဖြင့် ပုဂ္ဂလိက ဘဏ်များ ပိုင်ဆိုင်သော ရွှေများ ပြည်သူတို့ ပိုင်သော ရွှေများ တစုတစည်းတည်း Federal Reserve သို့ ရောက်ရှိသွားကာ လုံလောက်သော ငွေကြေး ထပ်မံရိုက်ထုတ်ပြီး စီးပွားရေးအား ပြန်လည် လည်ပတ်စေပါသည်။
ဤသို့ဖြင့် ၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာပါတော့သည်။ ဒုတိယကမ္ဘာစစ်တွင် တကမ္ဘာလုံးရှိ နိုင်ငံတိုင်း နီးပါး၏ စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှု များ ပျက်စီးသွားကြသော်လည်း အမေရိကန်ကတော့ ချွင်းချက် ဖြစ်ပါသည်။ ဒုတိကကမ္ဘာစစ်ကာလ ၁၉၄၀ - ၁၉၄၅ ခုနှစ်တာကာလတွင် စစ်ပစ္စည်း ကုန်ထုတ်လုပ်မှု ကြောင့် ယခင်ကထက်ပင်ပို၍ ကြွယ်ဝချမ်းသာလာခဲ့ပါသည်။
ထို့နောက် ၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် အမေရိကန် ဒေါ်လာသည် တကမ္ဘာလုံး၏ စံငွေကြေး အဖြစ်ရပ်တည်ကာ တကမ္ဘာလုံး စီးပွားရေးလုပ်ငန်း ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်အသက်ဝင်လာပါတော့သည်။ ထိုအချိန်ထိ အမေရိကန် ဒေါ်လာမှာ ရွှေပေါင် တင်ထားသဖြင့် ခိုင်မာနေဆဲ ဖြစ်ပါသည်။
ဆိုလိုသည်မှာ အမေရိကန် ၁ဝ ဒေါ်လာ ပိုင်ဆိုင်ထားသူသည် Federal Reserve ထံသို့ သွား၍ ၁၀ ဒေါ်လာတန်ဖိုးရှိသော ရွှေများ အချိန်မရွေး ထုတ်ယူနိုင်ပါသည်။ ဆယ်စုနှစ် တခုကျော်လာပြီးနောက် ၁၉၆၀ ကျော်ခန့်တွင် စစ်ပြာပုံမှ တိုးတက်လာကြသော တိုင်းနိုင်ငံများက သူတို့ ကုန်သွယ်ရာမှ အကျိုးအမြတ်ရလာသော အမေရိကန် ဒေါ်လာများအား စက္ကူငွေကြေး အဖြစ် ကိုင်မထားလိုကြပဲ Federal Reserve မှ ဒေါ်လာနှင့် ညီမျှသော ရွှေများသာ ပြန်ထုတ်ယူခဲ့ကြပါသည်။
ဤတွင် အမေရိကန် နိုင်ငံ တိုင်ပတ်ရန် အကြောင်း ဖန်လာပါတော့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး ၅ နှစ်အကြာ ၁၉၅၀ -၁၉၅၃ တွင် ကိုရီးယား တောင်နှင့် မြောက် စစ်ဖြစ်ကြပါသည်။ ဤ စစ်ပွဲတွင် အမေရိကန်က လူအင်အား လက်နက်အင်အား ဓနအင်အား အပြည့် အစုံ အသုံးပြုခဲ့ပါသည်။
ထို့နောက် ပြသနာ မပြီးသေပဲ ၁၉၅၅ တွင် ဗီယက်နမ် စစ်ပွဲတွင် ပါဝင်ခဲ့ပြန်ပါတော့သည်။ ကိုရီးယား စစ်ပွဲတွင် အမေရိကန်တို့ အသုံးပြုခဲ့သော စစ်စရိတ်မှာ ၁၉၅၃ ခုနှစ်ငွေကြေးအရ ဒေါ်လာ ဘီလီယံ ၃၀ ရှိခဲ့ပါသည်။ ယနေ့ ငွေကြေးအရဆိုလျင် ဒေါ်လာဘီလီယံ ၄၀၀ မျှ ရှိခဲ့ပါသည်။
ဗီယက်နမ် စစ်ပွဲတွင် အနှစ် ၂၀ မျှ ပါဝင်ပတ်သက်ခဲ့ရာတွင် အမေရိကန်တို့ သုံးသော စစ်အသုံးစရိတ်မှာ ၁၉၆၈ ငွေကြေးအရ ဒေါ်လာ ၁၆၈ ဘီလီယံ ရှိခဲ့ရာ ယနေ့ ငွေ ကြေးဖြင့်ဆိုလျင် ဒေါ်လာ ၁ ထီလီယံ အထိ ရှိခဲ့ပါသည်။ ထို့နောက် ၁၉၇၀ နောက်ပိုင်းတွင် ဆိုဗီယက် နှင့် စစ်အေးကာလ ပြိုင်ဆိုင်မှုများ စတင်လာသောအခါ အမေရိကန်တို့ ငွေအကြီးအကျယ်လိုလာပါတော့သည်။ ငွေကြေး မလုံလောက်မှုကြောင့် နောက်တကြိမ် စီးပွားပျက်ကပ် အဖြစ်မခံနိုင်တော့ပါ။
ဤသို့ဖြင့် ၁၉၇၁ တွင် အမေရိကန် သမ္မတ နစ်ဆင်က အမေရိကန် ဒေါ်လာနှင့် ရွှေပေါင်ထားခြင်းကို ဖြုတ်ချလိုက်ပါတော့သည်။ ဤ နည်းဖြင့် အမေရိကန် အစိုးရတို့ ဒေါ်လာငွေကြေးအား လိုသလောက် ရိုက်ထုတ်နိုင်ခဲ့သလို ဒေါ်လာ ငွေကြေးဖေါင်းပွမှု စတင်လာပါတော့သည်။
ဒေါ်လာငွေကြေး မည်မျှ ကျဆင်းသွားသည်ကို သိသာ စေရန် ရွှေဈေးဖြင့် နှိုင်းယှဉ် ဖေါ်ပြပေးပါမည်။ ၁၉၇၀ တွင် ရွှေတအောင်စလျင် အမေရိကန် ဒေါ်လာ $35.96 ဒေါ်လာသာ ရှိခဲ့ပါသည်။ အမေရိကန် ဒေါ်လာ ရွှေ ပေါင်တင်ခြင်း ဖြုတ်ချခဲ့ပြီးနောက် ယနေ့ ၂၀၂၂ ခုနှစ်တွင် ရွှေတအောင်စ၏ တန်ဖိုးမှာအမေရိကန် $၁၈၉၁ ဒေါ်လာသို့ ရောက်နေပြီ ဖြစ်ပါသည်။
အကယ်၍ ဒေါ်လာသည် ယနေ့အချိန်ထိ ရွှေပေါင် တင်ထားလျင် မည်မျှ တန်ဖိုးရှိနေမည်ကို သိနိုင်ပါသည်။ ပြောမည့်သာ ပြောရပါသည် ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံကလည်း တချိန်က ရွှေပေါင်ထားသော ငွေကြေး အား အသုံးပြုခဲ့ကြကာ အရှေ့တောင် အာရှ တွင် အချမ်းသာ ဆုံး နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ဘူးပါသည်။ ယခုတော့ ..........
အမှန်တော့ ဤ အပိုင်းတွင် ဓနရှင်ကြီးများက နိုင်ငံရေးခြေထိုးကာ ငွေကြေးပိုမို ချမ်းသာလာအောင်လုပ်ကြသည့် အကြောင်း ရေးရမည် ဖြစ်သော်လည်း ရေးရင်း ရေးရင်းဖြင့် အမေရိကန် ဒေါ်လာအကြောင်းသို့ ရောက်သွားသည့် အတွက် တောင်းပန်ပါသည်။ နောက် အပိုင်းများတွင် ထိုအကြောင်းအရာများအား အဆင်ပြေသလို ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
13/05/2022 - Friday - 17;18 Pm