မင်္ဂလာပါ။ ယခုတလောကတော့ ဘာရယ်မဟုတ် Cryptocurrency အကြောင်းများ တခုပြီးတခု ရှာဖတ်နေခဲ့ပါသည်။ ရှာဖတ်နေသည်ဟု ဆိုသော်လည်း ရှာကြည့်သည်ဟု ဆိုလျင် ပို၍ မှန်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် YouTube ဗီဒီယိုများ ကြည့်နေသောကြောင့်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် တွင် cryptocurrency အတွက် ထိုးနှက်ချက် တခုဖြစ်သော Terra Luna ဂယက်အားကြည့် ရင်း ကျွန်တော် ကြည့်ဘူးသော ရုပ်ရှင် တခုဖြစ်သည့် Money Monster ရုပ်ရှင်အား သွားသတိရမိပါသည်။ ဌင်း Money Monster ရုပ်ရှင်မှာ ယခု Terra Luna အဖြစ်နှင့် ခပ်ဆင်ဆင်ဖြစ်ပါသည်။
ထိုရုပ်ရှင်တွင် သရုပ်ဆောင် ထားသူတို့မှာ နာမည်ကြီး မင်းသာ ဂျော့ကလူနီ ( George Clooney )နှင့် မင်းသမီးကြီး ဂျူလီယာ ရောဘတ် ( Julia Roberts )တို့ ဖြစ်ပါသည်။ နာမည်ကြီး မင်းသားမင်းသမီး ဖြစ်သည့် အတိုင်း သရုပ်ဆောင်ချက်များက တကယ်ပင် လက်ဖျားခါလောက်ပါသည်။
ထို ဇတ်လမ်းထဲတွင် မင်းသားက ရုပ်သံ သတင်း တင်ဆက်သူ တနည်းအားဖြင့် Stock ဈေးကွက်များအား လော်ဘီ လုပ်ပေးသူ ဖြစ်ပါသည်။ တရက်တွင် သူ လော်ဘီ လုပ်ပေးရသည့် Ibit စတော့ ဈေးကွက် ထိုးကျသွားကာ စတော့ ဈေးကွက် မှ ဒေါ်လာ သန်း ၈၀၀ ကျော် အရှုံးပြသွားခဲ့ပါသည်။
ဤသို့ သန်း ၈၀၀ ကျော် ဆုံးရှုံးသွားရာတွင် မည်သူမျှ မေးခွန်းမထုတ် အစိုးရကလည်း မည်သို့ မျှ အရေးမယူ။ တရက် အတွင် ဖျက်ကနဲ့ သန်း ၈၀၀ ပျောက်သွားခဲ့ပါသည်။ Ibit trading မှ ပြန်လည် ဖြေကြားရာတွင် ကွန်ပြူတာ Error ဖြစ်သွားသော ကြောင့် ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ဤ တွင် Ibit stock ထဲသို့ မိမိ ငွေကြေး အားလုံး ထည့်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသူ ( သာမန် အရပ်သား ) တယောက်က မင်းသား အသံလွင့်နေသော စတူဒီယို အထိသွားကာ အသေခံဗုံး ဖေါက်ခွဲမည်ဟု ခြိမ်းခြောက်ပြီး Ibit trading မှ Computer error ကြောင့် ပျောက်သွားသည့် ဒေါ်လာ သန်း ၈၀၀ ဘယ်နေရာသို့ ရောက်သွားခဲ့သည် ဆိုသည့် အကြောင်း အသက်နှင့် ရင်း၍ ဖေါ်ထုတ်သွားခဲ့သည့် ဇတ်လမ်း ဖြစ်ပါသည်။
အတော်လေးကြည့်၍ကောင်းသော ဇတ်ကား ဖြစ်ကာ ဇတ်လမ်း စသည်မှ ဆုံးသွားသည်အထိ ရင် တထိတ်ထိတ် နှင့်ကြည့် နေရသည့် ဇတ်လမ်းမျိုး ဖြစ်ပါသည်။
အမှန်တော့ Stock trading / Cryptocurrency trading လုပ်သူတိုင်း ( တနည်းအားဖြင့် 20% APR / 50% APR စသည်ဖြင့် Investment ခေါ်သည် trading site ) ဤ Money Monster ရုပ်ရှင်အား ကြည့်သင့်ပါသည်။ ယခု Terra Luna လည်း တရက်တည်းနှင့် ဒေါ်လာ 40 ဘီလီယံ ဈေးကွက် အတွင်းမှ ပျောက်သွားခဲ့ပါသည်။ 40 သန်း မဟုတ်ပါ။ 40 ဘီလီယံ ဖြစ်ပါသည်။
Terra Luna ၏ CEO ဖြစ်သူ Do Kwon ကတော့ သူ၏ အမှားဟု ဝန်ခံခဲ့ခြင်း မရှိသော်လည်း ယခုတော့ တောင်ကိုရီးယား အစိုးရ၏ တရားစွဲဆို မှုကို ခံနေရပြီ ဖြစ်ပါသည်။ Do Kwon မှာ တောင်ကိုးရီးယား နိုင်ငံသား ဖြစ်၍ Terra Lab မှာ စင်္ကပူ တွင် အခြေစိုက်ထားခြင်း ဖြစ်ပါသည်။ ယခု အချိန်ထိတော့ စင်္ကပူ အစိုးရက Terra Luna အား တစုံတရာ အရေးယူမှုပြုလုပ်ခြင်း မတွေ့ရသေးပါ။
သို့သော်လည်း စုံစမ်း စစ်ဆေးမှုကတော့ သေချာပေါက် ရှိနေမည် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ထို ပျောက်ကွယ်သွားခဲ့သော ဒေါ်လာ 40 ဘီလီယံ တွင် စင်္ကပူ Investor များ၏ ချွေးနည်းစာများလည်း ပါဝင်နေသော ကြောင့် ဖြစ်ပါသည်။
Binance Exchange ကဲ့သို့သော Cryptocurrency Exchange site အား စင်္ကပူ မှ မောင်းထုတ်သည် အထိ ငွေကြေးနှင့် ပတ်သက်လျင် ပြင်းထန်သော စည်းမျဉ်းဥပဒေ ရှိသည် စင်္ကပူသည် Terra Luna အား ဒီအတိုင်းကြည့် နေမည်တော့ မဟုတ်ပါ။
ဤ Terra Luna ၏ ဆုံးရှုံးမှုသည် cryptocurrency လောကအား အချိန်တခုအထိ ရိုက်ခတ် နေအုံးမည် ဖြစ်ပါသည်။ ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း Cryptocurrency ဖန်တီးသူများ / Trading site များက Error ဖြစ်သွား၍ Computer Error/ Human Error အကြောင်း အမျိုးမျိုး ပြနိုင်သော်လည်း ဆုံးရှုံးသွားသူများ အဖို့ကတော့ တဘဝစာ ဖြစ်ပါသည်။
Terra Luna ကြောင့် ဘဝပျက်သွားသူများ အကြောင်း YouTube တွင်ရှာကြည့် နိုင်ပါသည်။ Cryptocurrency တွင် မိမိဆုံးရှုံးခံနိုင်သော ပမာဏထက်ပို၍ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မိရန် အရေးကြီးလှပါသည်။
Henry Aung ( Kachin )
07/06/2022 - Tuesday - 17;48 Pm