Crypto ကိုခုမှ စလုပ်မှာလား? ဘာတွေလုပ်နေကြပြီလဲ? ဘာတွေထပ်လုပ်လို့ရသေးလဲ?
**** စာရှည်ပေမယ့် သိသင့်တဲ့အကြောင်းအရာမို့ ဖတ်ကြည့်စေချင်ပါတယ်။ ဖတ်ပြီးသွားရင်တော့ ဗဟုသုတ ရရင်ရ၊ မရရင်တော့ နောင်တ ရသွားနိုင်ပါတယ် ^^
များသောအားဖြင့်တော့ ငွေရှာရလွယ်တယ်၊ ငွေဖြစ်လွယ်တယ်ဆိုတဲ့ စကားတွေကနေတဆင့် စသိကြမယ်ထင်ပါတယ်။ Cryptocurrency တွေရဲ့ သဘောသဘာဝကိုကလည်း အတက်ကြမ်း၊ အကျကြမ်းတာကြောင့် ငွေဖြစ်လွယ်၊ ငွေပျောက်လွယ်တာအမှန်ပါပဲ။ ဒါပေမယ့် ငွေဖြစ်လွယ်တာကို အပြောများကြတဲ့အတွက် ငွေပျောက်လွယ်တာကို သတိမထားမိကြတဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။
အထူးသဖြင့် trading နယ်ပယ်မှာ အများဆုံးတွေ့ရတတ်ပြီး trade position တွေ စိမ်းပြီး မြတ်နေရင်တော့ တခုတ်တရ ပြဖြစ်ကြပေမယ့် မစိမ်းခင်မှာ နီနေရတာတွေကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်ရတယ်ဆိုတာတွေက မဆွေးနွေးဖြစ်ကြပါဘူး။
ဒီအခါမှာ beginner တွေအနေနဲ့ cryptocurrency ဆိုတာ ငွေရလွယ်တယ်ဆိုပြီး ဝင်လာကြ၊ သေချာမလေ့လာဘဲ trading တွေ လုပ်ကြနဲ့ မဆုံးရှုံးသင့်တဲ့ငွေတွေ ဆုံးရှုံးကြရလေ့ ရှိပါတယ်။
ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေမဖြစ်ရအောင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။
ပထမဆုံးတချက်အနေနဲ့ကတော့ ဘယ်သူ ဘာပြောပြော လေ့လာ၊ စုံစမ်း၊ ချင့်ချိန်၊ မေးမြန်းပြီးမှ ယုံကြဖို့ပါပဲ။ မမှားသောရှေ့နေ၊ မသေသော ဆေးသမားနဲ့ မရှုံးဖူးတဲ့ trader ဆိုတာ မရှိပါဘူး။
Cryptocurrency တွေနဲ့ blockchain နည်းပညာတွေဟာ တခြားနည်းပညာတွေနဲ့ ယှဉ်ရင် သစ်ဆန်းနေသေးပြီး လူတိုင်းနဲ့အကျွမ်းတဝင်မရှိကြသေးပါဘူး။ ငွေကြေးနဲ့ ပတ်သက်တဲ့ နယ်ပယ် တခုဖြစ်တဲ့အတွက် လူလိမ်တွေလဲ ပေါများပါတယ်။ လူလိမ်တွေက အသစ်အဆန်းမို့လို့ မသိနားမလည်ကြတဲ့အချက်ကို အခွင့်ကောင်းယူပြီး လိမ်လည်တတ်ကြပါတယ်။ ဥပမာ - wallet အသစ်တခု ဖွင့်ပေးမယ်ဆိုပြီး wallet ဖွင့်ပေးသွားတယ်၊ ဒါပေမယ့် wallet ထဲကို အချိန်မရွေးဝင်လို့ရနိုင်မယ့် seed phrase ကိုတော့ လူလိမ်က သိမ်းထားတယ်၊ wallet ထဲ ပိုက်ဆံများများထည့်ပြီးချိန်ကျမှ wallet ထဲက ပိုက်ဆံတွေကို သူပိုင် wallet ထဲ ရွှေ့ယူသွားတယ်ဆိုတဲ့ကိစ္စမျိုးဟာ ဒီနယ်ပယ်မှာ အတွေ့ရများတဲ့ လိမ်နည်းတွေထဲက တခုပါ။
ဒါကြောင့် DYOR (Do Your Own Research) ဆိုတဲ့ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှ ယုံတဲ့ အလေ့အကျင့်မျိုးကို မွေးမြူသင့်ပြီး ဘယ်မှာမေးရမှန်းမသိဘူးဆိုရင်လည်း Myan Crypto Telegram Community အပါအဝင် ပြည်တွင်း crypto community တွေ အများကြီးရှိပါတယ်။ နီးစပ်ရာ crypto community တွေမှာ မရှက်မကြောက် ဝင်မေးသင့်ပြီး online ပေါ်မှ အလိမ်ခံရခြင်းကို ကာကွယ်နိုင်ပါတယ်။ လူလိမ်တွေ အကြောက်ဆုံးကတော့ နားလည်တဲ့သူတွေရှိတဲ့ သက်ဆိုင်ရာ community တွေပဲ ဖြစ်ပါတယ်။
နောက်တချက်ကတော့ အားလုံးကို တပြိုင်နက်တည်းကြီး ခေါင်းထဲ မထည့်ဖို့ပါပဲ။
Crypto industry ဟာ နယ်ပယ်တွေ များလွန်းပါတယ်။ လူတိုင်း အလွယ်တကူ ဝင်လုပ်လို့ရတဲ့ crypto box ကောက်တာကစလို့ trading အလယ်၊ developer ပိုင်းတွေ အဆုံး လေ့လာနိုင်တဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကိုယ်လက်လှမ်းမှီ စိတ်ဝင်စားတဲ့ ကဏ္ဍအလိုက်ကိုပဲ သိသင့်တာတွေ အရင်စလေ့လာသင့်ပြီး ဒီနယ်ပယ်မှာ ကျွမ်းကျင်သွားပြီဆိုမှ နောက်ထပ် နယ်ပယ်တခုကို ဆက်ပြီးလေ့လာသင့်ပါတယ်။
မသိမဖြစ် သိသင့်တဲ့ အခြေခံ လုံခြုံရေး ဆောင်ရန်ရှောင်ရန်တွေကိုတော့ မဖြစ်မနေလေ့လာရမှာဖြစ်ပေမယ့် အခုမှ P2P trading ကို စလုပ်မယ့်လူတယောက်က smart contract တွေ ဘယ်လိုရေးလဲ၊ Bitcoin network ကို ဘယ်လို တည်ဆောက်ထားလဲ၊ Network layer တွေက ဘာတွေလဲဆိုတာကို လိုက်ကြည့်နေမယ်ဆိုရင် crypto ကြီးက ရှုပ်လိုက်တာဆိုပြီး ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်က ဘာလုပ်ချင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကို အရင်ဆုံးမေးပါ။ ကိုယ်လုပ်ချင်တဲ့အရာနဲ့ သက်ဆိုင်တာတွေကိုပဲ နားလည်အောင် လေ့လာပြီး မသိသေးတဲ့အရာတွေကို community တွေထဲ မေးမြန်းဆွေးနွေးပြီး နားလည်အောင်ကြိုးစားသင့်ပါတယ်။ ပြီးမှသာ ထပ်သိချင်တဲ့အရာတွေကို အလျဉ်းသင့်သလို ဆက်ပြီး လေ့လာသွားရင် အဆင်ပြေနိုင်ပါတယ်။
ဒါဆိုရင် ကိုယ်က ဘယ်နယ်ပယ်နဲ့အသင့်တော်ဆုံးလဲဆိုတာ ဘယ်လိုသိနိုင်မလဲ?
ကိုယ်က ဘယ်နယ်ပယ်နဲ့ သင့်တော်လဲဆိုတာကတော့ လူတဦးတယောက်ချင်းစီအလိုက် ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် အခုဆောင်းပါးမှာတော့ crypto မှာ ဘယ်လိုနယ်ပယ်တွေ ရှိပြီး ကိုယ်က ဘယ်နယ်ပယ်နဲ့ အကိုက်ညီဆုံးလဲဆိုတာကို ရွေးချယ်နိုင်ဖို့ အကြမ်းဖျင်း ရှင်းပြပေးထားပါတယ်။
Crypto box ကောက်ခြင်း
Crypto box ကောက်တယ်ဆိုတာကတော့ 2022 ခုနှစ်ဝန်းကျင်မှာမှ ခေတ်စားလာခဲ့တဲ့ နယ်ပယ်တခုဖြစ်ပြီး Binance account တခုရှိရုံနဲ့ အရင်းအနှီးမလိုဘဲ လုပ်လို့ရနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။ Crypto Box ဆိုတာကတော့ project တွေ၊ ဒါမှမဟုတ် program တွေကနေ မုန့်ဖိုး ဒါမှမဟုတ် လက်ဆောင်အဖြစ်ပေးတဲ့ crypto asset တွေကို code ရိုက်ထည့်ပြီး ယူရတဲ့ပုံစံမျိုးပါ။ အလွယ်ပြောရရင်တော့ မုန့်ဖိုးပေးတဲ့ crypto အစအနလေးတွေကို လိုက်စုထားပြီး များလာတဲ့အခါ ပြန်ရောင်းထုတ်တဲ့ပုံစံမျိုးပါပဲ။ ပုံမှန်အားဖြင့် crypto box ပုံမှန်ပေးလေ့ရှိတဲ့ community တွေ ရှိတတ်ကြပြီး ဒီ community တွေမှာ ချတဲ့ box code တွေကို ဝင်ယူကြတဲ့ပုံစံမျိုးပါ။ တခါတလေမှာတော့ Binance LIVE Stream တွေ၊ AMA Session တွေမှာလည်း $ ထောင်နဲ့ချီတဲ့ box တွေကို လက်ဆောင် ဒါမှမဟုတ် ဆုငွေအဖြစ် ပေးလေ့ရှိတာကြောင့် ရှာတတ်ဖွေတတ်၊ စုတတ်ဆောင်းတတ်ရင် အပိုဝင်ငွေတခု ရနိုင်တဲ့ နည်းလမ်းတခုပါပဲ။ Crypto box ကောက်တဲ့အခါမှာ ကိုယ့်ရဲ့ Binance account ကို လုံခြုံအောင် ဘယ်လိုထားရမလဲ၊ P2P ကနေ ပြန်ရောင်းတဲ့အခါ လုံခြုံအောင် ဘယ်လိုရောင်းရမလဲဆိုတာတွေကိုတော့ သေချာသိထားသင့်ပါတယ်။
Airdrop လိုက်ခြင်း
Airdrop လိုက်တာကတော့ project အလိုက် အရင်းအနှီးလိုတာနဲ့ မလိုတာဆိုပြီး ကွဲပြားသွားပါတယ်။ Project အတော်များများကတော့ သူတို့ရဲ့ social media account တွေကို follow ပေးတာ၊ community တွေ လိုက်ဝင်ပေးတာမျိုးတွေ လုပ်ပေးရုံနဲ့ point တွေပေးလေ့ရှိကြသလို တချို့ကလည်း သူတို့ရဲ့ network တွေ၊ product တွေကို စမ်းသပ်ပေးပြီးမှ point ပေးတာမျိုးတွေ ရှိတတ်ပါတယ်။ ပေးထားတဲ့ point တွေကိုတော့ အချိန်တခုကြာပြီးနောက်မှာ အချိုးကျပြန်တွက်ပြီး token ပြန်ပေးတဲ့အခါ ဒီ token တွေကို ဈေးကွက်ထဲ ပြန်ရောင်းပြီး အကျိုးအမြတ်ယူကြပါတယ်။ Airdrop project အများစုဟာ ငွေအရင်းအနှီးမလိုဘဲ လုပ်လို့ရတာမျိုး များတာကြောင့် ငွေအရင်းအနှီးထည့်ပြီးမှ လုပ်ရမယ့် project ဆိုရင်တော့ အတော်လေးကို မေးမြန်းဆန်းစစ်ပြီးမှ ဝင်လုပ်ဖို့ အကြံပြုလိုပါတယ်။ Airdrop လိုက်တဲ့အခါ သိထားသင့်တဲ့အရာတွေကတော့ crypto exchange account တွေ၊ crypto wallet တွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဗဟုသုတတွေက အဓိကကျပါတယ်။
Trading
Trading ကတော့ ငွေအရင်းအနှီးရှိမှကို လုပ်လို့ရမှာပါ။ Trading မှာလည်း crypto asset တခုကို ဝယ်ထားပြီး ဈေးတက်မှ ထုတ်ရောင်း၊ အကျိုးအမြတ်ယူတဲ့ Spot Trading ပုံစံမျိုးရှိသလို crypto asset တခု ဈေးကျမလား၊ တက်မလားဆိုတာကို ခန့်မှန်းပြီး အကျိုးအမြတ်ယူတဲ့ Futures Trading ပုံစံမျိုးလည်း ရှိပါသေးတယ်။ ဒီထဲမှာမှ Spot Trading က အရှုံးအမြတ်နည်းသလို Future Trading ထက် အန္တရာယ်လည်း နည်းပါတယ်။ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီး ဈေးတက်မယ်ထင်တဲ့ crypto asset တခုကို ဝယ်ထားလိုက်ပြီး ဈေးတက်တဲ့အခါ ပြန်ထုတ်ရောင်းလိုက်တာနဲ့ အကျိုးအမြတ်ရနိုင်သလို ဈေးကျသွားရင်တော့ ကျရင် ကျသလောက်ကို လိုက်ရှုံးနေမှာပါ။ ဒါပေမယ့် ဈေးတခါ ပြန်တက်လာတဲ့အထိ စောင့်ပြီး (စျေးပြန်တက်လာခဲ့ရင်) အကျိုးအမြတ်ယူလို့ ရနိုင်ပါသေးတယ်။
Futures Trading ကတော့ ကာလတိုအတွင်း ဈေးတက်မလား၊ ကျမလားဆိုတာကို Technical၊ Fundamental Analysis တွေနဲ့ ခန့်မှန်းပြီး တက်မယ်ထင်ရင် ကြိုဝယ်ထား၊ ကျမယ်ထင်ရင် ကြိုရောင်းထားလို့ ရပါတယ်။ Future Trading မှာက ကိုယ့်မှာ ရှိတဲ့ ငွေပမာဏကို ကျော်လွန်ပြီး အဆတွေနဲ့ပါ အရောင်းအဝယ်လုပ်လို့ရနိုင်တာကြောင့် risk ပိုများပြီး အဆများရင်များသလောက် ဈေးကွက်အလှုပ်အခတ်ကြမ်းတဲ့အခါ အရှုံးအမြတ်ကြမ်းနိုင်ပါတယ်။ ခုမှ Future Trading ကို စလုပ်မယ့်သူတွေ အနေနဲ့ အမြတ်အရှုံးတွေကြမ်းတဲ့အချိန်မှာ ဖြစ်လာတဲ့ စိတ်ခံစားချက်ကို မထိန်းနိုင်ကြတဲ့အခါ ဆုံးရှုံးတွေပိုများနိုင်ပါတယ်။ ဒါကြောင့်လဲ လူသစ်တွေအနေနဲ့ သေချာမသိနားမလည်ရင် ဝေးဝေးက ရှောင်သင့်တဲ့ နယ်ပယ်တခုပါ။ လေ့လာတဲ့အခါမှာလည်း Technical Analysis၊ Fundamental Analysis တွေကို သေချာလေ့လာသင့်ပြီး ငွေအစစ်နဲ့ trading မလုပ်ခင်မှာ mock trading ဆိုတဲ့ virtual money (ငွေအတု) နဲ့ လေ့ကျင့် trade တာမျိုးကို အရင်လုပ်သင့်ပါတယ်။
DCA (Dollar-Cost Averaging)
DCA ဆိုတာကတော့ crypto asset တွေကို နည်းနည်းချင်းဝယ်၊ နေ့တိုင်းဝယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဥပမာ တနေ့ကို Bitcoin 10$ ဖိုးကို $1,000 ဖိုးအထိပြည့်တဲ့အထိ ဒါမှမဟုတ် တနှစ်ပြည့်တဲ့အထိ ဝယ်မယ်၊ ဈေးပဲတက်တက်၊ ဈေးပဲကျကျ တနေ့ကိုတော့ 10$ ဖိုး နေ့တိုင်းဝယ်စုသွားမယ်၊ စုထားသမျှ Bitcoin တွေကို ဈေးတက်တဲ့အခါ၊ အမြတ်ထွက်တဲ့အခါ ပြန်ထုတ်ရောင်းမယ်ဆိုတဲ့ ပုံစံမျိုးပါ။ တနည်းအားဖြင့် spot trading ကို အဝယ်ကြီးပဲ ရေရှည်လုပ်တဲ့ သဘောပါ။ DCA လုပ်တာဟာ တခါတည်း အများကြီးဝယ်လိုက်တာထက် အရှုံးအမြတ်နည်းသလို ရေရှည်ကို မျှော်တွေးပြီး ကြိုတင်ရင်းနှီးမြှုပ်နှံတဲ့ပုံစံတခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝယ်စုမယ့် crypto asset က ရေရှည်မှာ အလားအလာကောင်း၊ မကောင်းကိုတော့ သေချာ ကြိုတင်လေ့လာသင့်သလို ဒီ crypto asset နဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း အစဉ်မပြတ် နားစွင့်နေသင့်ပါတယ်။ Fundamental Analysis လို့ ခေါ် တဲ့ ကိုယ်ဝယ်ပြီး စုဆောင်းမယ့် coin ရဲ့ အခြေအနေတွေကို သေချာနားလည်လေ့လာပြီးမှ စသင့်ပါတယ်။ ခုမှ စမယ့်လူသစ်တွေအတွက်ကော လူဟောင်းတွေ အတွက်ပါ ရေရှည် ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်စုသွားမယ်ဆိုရင်တော့ BTC က cryptocurrency တွေ အားလုံးထဲမှာမှ ထိပ်တန်းရွေးချယ်စရာ တခု အဖြစ် ဒီနေ့အထိ ရပ်တည်နေနိုင်ပါတယ်။
Earn မှာ အတိုးထိုင်စားခြင်း
ဒီနည်းကတော့ အပေါ်မှာ ပြောခဲ့တဲ့ spot trading ဒါမှမဟုတ် DCA လုပ်နည်းတွေနဲ့အတူ တွဲသုံးနိုင်တဲ့ နည်းတခုလဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ crypto asset တွေကို ရက်အပိုင်းအခြားအလိုက် အတိုးပြန်ပေးတဲ့ Earn program တွေမှာလည်း crypto တွေ အပ်ထားပြီး အတိုးယူ ရတဲ့ နည်းဖြစ်ပါတယ်။
ပမာဏများရင်များသလောက် ပြန်ရနိုင်တဲ့အတိုးကလည်း များတာကြောင့် ငွေအရင်းအနှီးများများရှိပြီး risk အနည်းဆုံး လျှော့ချဖို့အတွက် ဒီနည်းက အသင့်တော်ဆုံးဖြစ်နိုင်မှာပါ။ ဒါပေမယ့် ကိုယ်က ဘယ် crypto platform/exchange မှာ crypto တွေကို သွားအပ်ထားမှာလဲဆိုတာကိုတော့ သေချာရွေးချယ်သင့်ပြီး platform က မယုံကြည်၊ စိတ်မချရတဲ့ platform ဖြစ်နေရင်တော့ ဒီ platform ပြိုလဲတာနဲ့ ကိုယ့်ရဲ့ crypto တွေပါ တခါတည်းပါသွားမှာဖြစ်တာကြောင့် နာမည်ရှိပြီး ယုံကြည်စိတ်ချရတဲ့ platform တွေကိုသာ ရွေးချယ်သင့်ပါတယ်။
IT Developer
တကယ်လို့ ကိုယ်က IT ပိုင်းနဲ့ နီးစပ်တဲ့ developer တယောက်ဖြစ်တယ်ဆိုရင်တော့ crypto နယ်ပယ်မှာ လုပ်လို့ရနိုင်တာတွေ အတော်များပါတယ်။ Trading ကိုပဲ program ဆွဲပြီး bot trading ပုံစံလုပ်မလား၊ Web3 project တွေမှာ developer တယောက်အနေနဲ့ full-time ဖြစ်ဖြစ်၊ freelance ဖြစ်ဖြစ် အလုပ်ဝင်လုပ်မလား စိတ်ကြိုက်ရွေးချယ်လို့ရနိုင်ပါတယ်။ Crypto က နည်းပညာအသစ်ဖြစ်တာနဲ့ အညီ ကျွမ်းကျင်ပြီးသား developer အရေအတွက်ဟာ နည်းနေပါသေးတယ်။ Company တွေမှာ ဝင်လုပ်တာမကြိုက်တဲ့ သူတွေအတွက်တောင် နည်းပညာနားလည်သူတယောက်အနေနဲ့ crypto မှာ လုပ်လို့ ရနိုင်တာတွေရှိပါတယ်။ ဥပမာ Airdrop လိုက်တဲ့အခါမှာ ကိုယ်က သက်ဆိုင်ရာ project အလိုက်ကို airdrop farming bot တွေ၊ program တွေ ရေးပြီး သူများထက် နှာတဖျားသာနိုင်ဦးမှာပါ။
Content Creator
ကိုယ်က နည်းပညာပိုင်းနဲ့ လည်း ရင်းနှီးမှုရှိတယ် developer တယောက် မဟုတ်ဘူး ဆိုရင် content creator/ influencer တယောက်အနေနဲ့လည်း crypto နယ်ပယ်မှာ ပါဝင်နိုင်ပါတယ်။ Content creator ကောင်းတယောက်အနေနဲ့ ကိုယ် content တွေတင်တဲ့ platform/social media တွေကနေ ကြေညာခ တွေရနိုင်သလို crypto project/exchange တွေနဲ့လည်း affiliate လုပ်လို့ရနိုင်ပါတယ်။ ဒါကို affiliate marketing လို့လဲ ခေါ်ကြပါတယ်။ နိုင်ငံတကာနဲ့ နှိုင်းယှဥ်မယ်ဆိုရင် မြန်မာပြည်ထဲမှာ crypto နဲ့ ပက်သတ်တဲ့ အချက်အလက်တွေ share ပေးနေတဲ့ content creator တွေ အတော်ကို နည်းနေပါသေးတယ်။ ကိုယ်က Content creator/influencer ကောင်းတယောက်ဖြစ်မယ်ဆိုရင်တော့ ဒီ crypto နယ်ပယ်ဟာလည်း ကိုယ့်အတွက် ဝင်ငွေရလမ်းတခု ဖြစ်လာနိုင်ပါတယ်။
ဒီနည်းတွေကတော့ crypto industry ကို စဝင်ပြီဆိုရင် လုပ်လို့ရနိုင်မယ့် အရာတွေထဲက အချို့ကို စုစည်းဖော်ပြပေးထားတာဖြစ်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ နယ်ပယ်ကို ရွေးချယ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဒီထဲမှာ ဖော်ပြဖို့ ကျန်ခဲ့တာ၊ ကိုယ်လုပ်နေတာတွေက ဒီ့အပြင်ရှိနေသေးတယ်ဆိုရင်လည်း comment ထဲမှာ share ပေးခဲ့ပါဦး။ ဘယ်လိုပုံစံနဲ့ ပဲ crypto နယ်ပယ်မှာ ပါဝင်နေသူဖြစ်ပါစေ၊ cryptocurrency တွေကို စသုံးပြီဆိုတာနဲ့ အခြေခံကျတဲ့ လုံခြုံရေး ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားအောင် လေ့လာဖို့ ကတော့ အရမ်း အဓိကကျပါတယ်။
စာအရှည်ကြီးကို အဆုံးထိ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ စာကို ဖတ်ပြီး ဘာရသွားလဲ ဆိုတာလဲ comment ထဲမှာ ရေးပေးခဲ့ပါဦး။