သီတင်းကျွတ် နှင့် အမှတ်တရ (၂၀၂၄ ခုနှစ်)

in #hive-1221332 months ago

သီတင်းကျွတ်သည် ကျွန်တော့်အတွက် ထူးခြားသည့် လဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ဤသီတင်းကျွတ်လမှာ ကျွန်တော် မွေးဖွားခဲ့သောကြောင့်ဖြစ်ပါသည်။ ကျွန်တော့်အတွက် အမှတ်တရများစွာ ရှိနေသော လမှာလည်း သီတင်းကျွတ်လပင် ဖြစ်သည်။

IMG_20241017_183647.jpg

သီတင်းကျွတ်လနှင့် ပတ်သတ်၍ ပထမဆုံး အမှတ်တရမှာ ကျွန်တော် ရှစ်တန်းကျောင်းသားဘဝက ဖြစ်သည်။ ထိုနှစ်က ၂၀၀၈ ခုနှစ်ဖြစ်မမည်ထင်သည်။ October လဖြစ်၍ အအေးဓာတ်တွေ စတင်ခံစားလာရပြီဖြစ်သည်။ ညနေပိုင်း အချိန်တော်ကြာ ရပ်ထားတဲ့ ဆိုင်ကယ်ဖင်ထိုင်ခုံပေါ် နှင်းရည်တွေ စိုစွပ်နေတက်ပြီ။ ထိုနှင်းရည်စက်များကို လက်ဖြင့်အသာသုပ်ချရင်း ဆောင်းရဲ့အငွေ့အသက်တွေကို ကြိုတင်ခံစားမိလိုက်၍ ရင်ထဲမှာ အမည် မသိတဲ့ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ သေသေချာချာ အမည်တပ်ရလျှင်တော့ ဝေဒနါ အလွှမ်းဖြစ်ပါလိမ့်မည်။ သီတင်းကျွတ်လပြည့်ည ဖြစ်၍ ကောင်းကင်မှာ တိမ်ကင်းစင်ပြီး လပြည့်ဝန်း၏ အလင်းရောင်ကြောင့် ကြည်လင်နေသည်။ ပြင်ဉီးလွင်၊ အနီးစခန်းက နှီးဘုရား ရင်ပြင်ပေါ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျွန်တော်တို့ ဘုရားဖူးပြီးနောက် ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ မီးရှူး၊ မီးပန်း၊ မီးပုံပျံများနဲ့ ဗျောက်အိုး၊ ဗျောက်သံများကို တဝကြီး ခံစားနေခဲ့ကြသည်။ သည် ညကလေးသည် ကျွန်တော့်ဘဝအတွက် ပထမဆုံး မှတ်မှတ်ထင်ထင် အမှတ်ရနေမိသည့် ကျောင်းသားဘဝတုန်းက သီတင်းကျွတ်လပြည့်ညဖြစ်ပါသည်။

ကားဝက်ရှော့မှာ အလုပ်သင် ကောင်လေး အဖြစ်နဲ့လည်းကောင်း၊ ဟိုတယ်ဝန်ထမ်းအဖြစ်နဲ့လည်းကောင်း သီတင်းကျွတ် လပြည့်နေ့ကို ကျွန်တော် ဖြတ်သန်းခဲ့ဖူးပါသည်။ အမှတ်တရတွေလည်း များစွာရှိခဲ့ပါသည်။ ထိုအမှတ်တရများကို စာဖြင့်ရေးရလျှင် ရေးလို့ကုန်သွားနိုင်ပေမဲ့ စာအုပ်အထူကြီးတစ်အုပ် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် သီတင်းကျွတ် နှင့်ပတ်သတ်ပြီး တခြားအမှတ်တရများကို နောက်ပိုင်းကြုံလျှင် ဖော်ပြပေးပါမည်။ ယခုတော့ ၂၀၂၄ ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရများကို မျှဝေပေးလိုက်ရပါတယ်။

၁၇၊ ၁၀လပိုင်း ၂၀၂၄ ခုနှစ်။

ဤနှစ်သည် ထူးခြားသော နှစ်ဟုဆိုရမည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ သမိုင်းတလျှောက် အကြီးအကျယ် ဆုံးရှုံးမှုကြုံတွေ့ရသော နှစ်ဟုလည်း သတ်မှတ်နိုင်သည်။ မြန်မာစစ်တပ်၏ လားရှိုးမြို့၌တည်ရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MMDA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြသည်။ ဤရိုက်ခက်မှုကြီးသည် မန္တလေး မြို့ကြီးဆီသို့ ဉီးတည်လာကာ တော်လှန်ရေးတပ်များက မန္တလေးမြို့ကြီးကို တိုက်ခိုက်သိမ်းယူတော့မည်ဟု သတင်းများကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ပြင်ဉီးလွင်မြို့မှ စစ်တပ်အသိုင်းအဝိုင်းမှ စစ်မိသားစုများပင် စစ်ဘေးလွတ်ရာ ဒေသအသီးသီးသို့ ထွက်ပြေးသိမ်းရှောင်ကြရသည့် အခြေအနေထိပင်ရှိခဲ့သည်။

၂၀၂၄ ခုနှစ်သည် ဤမျှလောက် ရိုက်ခက်မှု ကြီးမားသော နှစ်ဖြစ်သည်။ ဘာကြောင့် ယခုဖြစ်ပွားနေသော အခြေနေကို အေသးစိပ်ရေးသားရသနည်းဆိုလျှင် နှောင်တွင် လူငယ်မျိုးဆက်သစ်များ ဤပိုစ်ကိုဖတ်မိပြီး ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အခြေနေနှင့် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသော အခက်ခဲ ပြဿနာများကို သိရှိနားလည်၊ သမိုင်းကိုပါ လက်လှမ်းမှီစေရန် အသေးစိပ်ရေးသား ရှင်းပြရခြင်းဖြစ်ပါသည်။

၁၀ လပိုင်း ၁၇ ရက်နေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် စိုးထိတ်မှုအနည်းငယ်တော့ ရှိခဲ့သည်။ တော်လှန်ရေးတပ်တွေကများ တိုက်ခိုက်မှုတွေလုပ်လာနိုင်မလားဆိုပြီး တွေးပူမိသေးသည်။ မန္တလေးတွင် ကျောက်တော်ကြီး ဘုရားပွဲမှာ ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိသည်ဟု ကြားသိရသည်။ တစ်ဖက်တွင်လည်း လားရှိုးမြို့ကို မြန်မာစစ်တပ်က ညဘက်တွင် လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လျှက်ရှိသည်ဟု ကြားသိထားရသည်။ တောင်ပေါ်နဲ့ မြေပြန့် အခြေအနေက ပြည်သူလူထုကြားတွင် တင်းမာမှုများ ရှိနေသည်။ စစ်ဘေးရှောင် ပြည်သူများ အသက်အန္တရယ် ဘေးကင်းဖို့ ဆုတောင်းမိသည်။

သည်နှစ် သီတင်းကျွတ်လပြည့်နေ့မှာ ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့ပါသည်။ ထိုအရာကတော့ လပြည့်ဝန်းကြီးမှာ သာမှန်လပြည့်ညတွေထက် ပို၍ ကြီးနေခဲ့ပြီး ကောင်းကင်မှာလည်း ကြည်လင် အေးချမ်းနေခဲ့သည်။ ကျွန်တော်လည်း ဘုန်းကြီးကျောင်းသို့သွားရောက် ဆီမီးပူဇော်ကာ မြန်မာပြည်ကြီး အမြန်အေးချမ်းသာယာစေဖို့ ဆုတောင်းခဲ့ပါသည်။

IMG_20241017_192645.jpg

IMG_20241017_183603.jpg

IMG_20241017_192717.jpg

IMG_20241017_183447.jpg

IMG_20241017_183532.jpg

IMG_20241017_183410.jpg

IMG_20241017_191707.jpg

IMG_20241017_192811.jpg

IMG_20241017_183342.jpg

IMG_20241017_183427.jpg

IMG_20241017_190310.jpg

IMG_20241017_183328.jpg

#ကိုကိုမိုးဟိန်း
@myanmarkoko

Sort:  

လပြည့်နေ့က အေးချမ်းသူတွေ အေးချမ်း။
ပူပန်းသူတွေ ပူပန်။ စိုးထိတ်ကြောက်လန့်
ရက်စက်ခြင်းပေါင်းများနဲ့ အတိ ဖြစ်ခဲ့ပါသည်။
!PIZZA
!MEME

ဟုတ်ပါတယ်။ မြန်မာပြည်မှာ တန်းတူညီမျှ အေးချမ်းသာယာဝပြောမှုတွေ အမြန်ဆုံးရရှိနိုင်ကြဖို့ ဆုတောင်ပေးမိပါသည်။

!PIZZA

PIZZA!

$PIZZA slices delivered:
@htwegyi(2/10) tipped @myanmarkoko