အမအိမ်မှာ ခေတ္တဆိုပြီး ခိုလှုံလာတာ တစ်နှစ်တင်းတင်းပြည့်ပါပေါ့လား။ ဒီတစ်နှစ်အတောအတွင်း ဘာတွေတိုးတက်မှုရှိလဲ။ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်မိသည်။ တစ်နေ့တာမှာ ကုသိုလ်၊ ငွေကြေးနဲ့ ပညာရပ်တစ်ခုခု မရခဲ့ရင် ထိုနေ့အတွက် အရှုံးဆိုပြီး စာအုပ်ထဲမှာ ဖတ်ဖူးသည်။ အဲ့ဒါဆို ကိုယ့်မှာ တစ်နှစ်လုံးလုံးမမြတ်ပေမယ့် အရှုံးမရှိပေ။ ထိုသုံးမျိုး လုံး နည်းနည်းချင်းစီတော့ ရနေသည်ဟု ဆိုရမည်။
ကာလက နည်းနည်းကြာလာတော့ ကျမတို့လိုလူမျိုးတွေ တစ်ချို့ ခက်ခဲလာကြပြီ။ ဝင်ငွေမရှိသော်ငြား နေ့စဉ်ဝမ်းဝဖို့ အတွက်ကတော့ ထွက်ငွေက ရှိကိုရှိသည်။ ကိုယ်ပိုင်ဝင်ငွေ ရှာ နိုင်သူတွေအတွက် စိုးရိမ်စရာမရှိပေမယ့် သူတို့တွေလည်း အရင်ကလို ဝင်ငွေကောင်းမှာမဟုတ်တာကတော့ သေချာသည်။ အစစ အရာရာ ဈေးကြီးလာသည်ကိုး။
တချို့လည်းခက်ခဲလို့ ပြန်နန်းကြသူတွေရှိမှာပဲ။ ထိုလူတွေကိုလည်း အပြစ်မပြောချင်တော့။ တစ်နေ့ကတောင် အသိတစ်ယောက်က ပြန်နန်းသွားသည်။ သူနန်းရတာကလည်း ရင်နာစရာ။ သူ့မှာ မိဘတွေလဲမရှိ၊ သွေးသားရင်းခြာတွေလည်းမရှိတော့ ဝမ်းကွဲအမအိမ်မှာ နေရသည်။
ထိုအမကလည်း ကာလကြာလာတော့ ငြိုငြင်လာသည်။ သူက ဝန်ထမ်းတိုက်ခန်းကဆင်းလာတုန်းက လိုအပ်သလောက်ပဲ သယ်လာရသည်။ ကျန်အိမ်ထောင်ပစ္စည်းအားလုံးက တိုက်ခန်းမှာ။ သယ်ဖို့လည်းအဆင်မပြေ၊ ထားဖို့လည်း နေရာမရှိဆိုတော့ သူ့တိုက်ခန်းကပစ္စည်းတွေ မသယ်ဘဲ တိုက်ခန်းကိုသာ သော့ခတ်ထားလိုက်သည်။
ယခုတော့ အခန်းလွတ်များစွာရှိပါလျက် ကိုယ့်အရာရှိတစ်ဦးက ထိုတိုက်ခန်းကို အလုပ်ဝင်တာတစ်ပတ်ပဲ ရှိသေးသောသူကိုပေးနေလိုက်သည်။ ထိုလူ့ မိသားစုက စည်းကမ်းမရှိ သူများပစ္စည်း ကိုယ့်ပစ္စည်းပမာ ပိုင်စိုးပိုင်နင်းယူသုံးနေကြတော့ ထိုအသိလည်း မတတ်သာ တော့ဘဲ နန်းလိုက်ရသည်။ အလုပ်ပြန်ရမရကတော့ မသေချာ သလို သူ့ရှေ့ရေးလည်း ဘယ်လိုဖြစ်မည်မသိ။ မစဉ်းစားချင်တော့။
စားဝတ်နေရေးတွင် အဓိက က နေရေးဖြစ်သည်။ နေစရာရှိလျှင် စားဖို့အတွက်က ဘယ်လိုနေနေဖြစ်သည်။ ကျမ တို့လည်း နေစရာမရှိတော့ အမအိမ်မှာ ခိုလှုံရသည်ပဲ။ တူအငယ်အိမ်ထောင်ကျတော့လည်း ဒီအမ၏ နောက်ထပ် တစ်အိမ်မှာ အိမ်ငှားနေရသည်။ ထိုအိမ်ကိုရောင်းလိုက်တော့ တူအငယ်တို့မိသားစုက သူတို့ကိုယ်ပိုင်မြေကွက်မှာ အိမ်မဆောက်ခင်ကာလမှာ အမအိမ်မှာ နေထိုင်ဖို့ဖြစ်လာသည်။ အခုတော့ တူငယ်တို့အိမ် လေးဆောက်လို့ပြီးတော့မည်။ သူတို့တွေ မကြာခင် အိမ်ပြောင်းကြလိမ့် မည်။
ဟော ပြီးခဲ့သည့်တပတ်လောက်တုန်းကတော့ အမရဲ့ခမည်း ခမက်က တရှောင်ရှောင်နှင့်နေမကောင်းဖြစ်နေသဖြင့် အမအိမ်မှာ ဆေးလာကုရင်းနေတာ နက်ဖန်ဆို ပြန်တော့မည် ဖြစ်သည်။ ဪ…သူတို့တွေမှာ ပြန်စရာအိမ်ရှိသည်။ ကိုယ် တွေမှာတော့ ကိုယ့်အိမ်ပြန်ဖို့ အခွင့်အရေး ရှိပါသေးလား။ ဘယ်လောက်ကြာကြာ အမအိမ်မှာ နေရမယ်မသိ။ အိမ်ပြန်ဖို့ အရေး မျှော်တိုင်းဝေးနေဆဲ။
@nweoomon
8-3-2022