ဒီနေ့က ဖေဖော်ဝါရီ (၁၄) ရက်နေ့၊ ချစ်သူများနေ့တဲ့။ ချစ်သူရှိတဲ့ သူတွေ ပျော်ကြပေါ့။ အံမယ် တချို့ဆို couple ဝတ်စုံလေးတွေဝတ် အရုပ်ကြီးတွေပိုက်ပြီး လမ်းသလားနေကြတာများ မသိရင် အရုပ်တွေ လှည့်ရောင်းနေသလား အောက်မေ့ရ။ ဖေ့စ်ဘုတ်မှာ လည်း ပလူတွေကို ပျံလို့။ ချောကလက်စားရလို့မဟုတ်ဘူး။ မစားရလို့။ ဘာတဲ့… အရွယ်က ensure သောက်ရမယ့်အရွယ်ကို ချောကလက်စားချင်နေသေးတာလားတဲ့။
သူများတွေ ချောကလက်ဆိုလို့သာ လိုက်ချောကလက်နေတာ။ ဗယ်လင် တိုင်းဒေးဆိုတာကြီးကို အစကခေါင်းထဲမရှိဘူး။ တစ်နေ့က မှ @htwegyi ရဲ့ဇာတ်ကောင် ကေ့ကိုနဲ့ VC ပြောတော့မှ ဒီနေ့ဟာ ချစ်သူများနေ့ပါလားဆိုတာကို သတိရတာ။ ဒီနေ့ကေ့ကိုနေပြည်တော်ကနေ မန္တလေးကို လာမယ့်နေ့လေ။ သူကချစ်သူများနေ့ အမှတ်တရအနေနဲ့ သူ့အဖေနဲ့အတူ မန္တလေးကိုလာမယ်ဆိုပြီး ကျမ တို့ကို ကြွားလို့ မှတ်မိသွားတာ။
အဲ့ဒီတော့ ချစ်သူများနေ့မှာ ချောကလက်စားချင်ရင် ကိုယ့်ဖာသာ ကိုယ် ဝယ်စားရမယ့်အခြေအနေဆိုတော့ ၂၀၂၁ မေလတုန်းကမှ မင်္ဂလာဆောင်ထားတဲ့ အိမ်ကတူအငယ်ကောင်ကို စနည်းနာကြည့် တယ်။ အကယ်၍ သူ့မိန်းမကို ဝယ်ကျွေးရင် ကပ်စားလို့ ရမယ်လေ။
“ငါ့တူလေး နင့်မိန်းမကို ချောကလက်ဝယ်မကျွေးဘူးလား”
“ဘာလုပ်ဖို့တုန်း၊ မကျွေးပါဘူး။”
“ဟယ်…ဒီနေ့ကချစ်သူများနေ့လေ။ နင့်မိန်းမကို ချောကလက်လေး ဝယ်ကျွေးပေါ့”
“ဟာ….ကျနော့်မိန်းမက ချောကလက်ကျွေးစရာမလိုဘူး။ ချောကလက် ရောင်ကောင်လေးကို ရထားတာ။”
“ငင့်…ငတ်ပြီ”
မဖြစ်သေးပါဘူး။ ငါ့မှာ တူ၊ တူမတွေ အများကြီးရှိတာ။ တစ်ယောက် ယောက်ကတော့ ချောကလက်ကျွေးမှာပါ။ တကယ်တမ်းကျ ကျမ ကချောကလက်ကို ကြိုက်တာမဟုတ်ဘူး။ သူများချောကလက်မို့ လိုက်ချောကလက်နေတာ။
လာစမ်း… နောက်ထပ်တူမတစ်ယောက်ကို မေးကြည့်အုံးမယ်။
“ငါ့တူမလေး…ညည်းဘဲက ချောကလက်မကျွေးဘူးလား”
“ကျွေးပါဘူး။ ကျနော်သူ့ကို မခေါ်ဘူး။ စိတ်ကောက်ထားတာ”
“ဟင်…ဘာလို့လဲ”
“မနေ့ကလေ…အိမ်ကထမနဲဝေတော့ သူ့ကိုစားစေချင်လို့ လာယူ ခိုင်းတာကို အလုပ်တွေများလို့တဲ့ လာမယူဘူး။ နေပစေ မခေါ်ဘူး။ ဟွန့်…”
“…သွားပြန်ပဟ…”
မလျှော့သေးဘူး။ နောက်ထပ်တူအကြီးရဲ့မိန်းမ မဗိုက်ကို မြှောက် ပေးအုံးမယ်။
“မခိုင်…ညည်းကို ငါ့တူလေးက ဒီနှစ် ချောကလက်ဝယ်မကျွေးဘူး လားအေ့”
“ဘာ ချောကလက်လဲ။ ဒီချိန်က ချောကလက်ကျွေးရမယ့်အချိန် မဟုတ်တော့ဘူး။ မြင်တယ်မလား။ ဒီမှာ တစ်ယောက်နဲ့ တစ်ဗိုက်”
“အေးပါအေ…ချောကလက်ဆိုတာ သမီးရည်းစားချစ်သူတွေတင် မဟုတ်ဘူး။ ကိုယ်ချစ်ခင်ရတဲ့သူတွေကိုလည်း ကျွေးလို့ရတယ်တဲ့”
….တတ်နိုင်ဘူး။ ကြားဖူးနားဝနဲ့ ရွှီးအုံးမှ…။
“သူများတွေဆီကချောကလက်စားဖို့ကြံမနေနဲ့။ ကိုယ့်ဖာသာပဲ ချောကလက်စားရအောင် ချစ်သူရှာပါလား”
“အံမလေး…မကျွေးနေပေါ့အေ။ ချောကလက်လေးစားရဖို့အရေး ချစ်သူကရှာရအုံးမယ်။ နေပစေ။ ငါ့မှာပိုက်ဆံရှိတယ်။ ဝယ်စားမယ်၊ တကတည်း… ရိုကို မရိုတတ်ဘူး။ ”
“ဟော…ဟိုမှာ အန်နွယ့်တူ ပြန်လာပြီ။ လာ…လာ ချောကလက် လဲကြိုက်တာမဟုတ်ဘဲနဲ့။ ဒီမှာ ကိုယ့်တူလေးဝယ်လာတဲ့ လက်ဖက်ရည်လေးပဲသောက်။ အဲ့ဒါကလက်တွေ့ကျတယ်။”
အေးပါအေ….။ လက်ဖက်ရည်သောက်တာပဲကောင်းတယ်။ အဲ့ဒါက မှ တကယ်ငါကြိုက်တာ။
@nweoomon
14-2-2022