ကျမ ဟင်းမချက်တတ်ပါ။ နွယ်ဦးမွန် ဟင်းမချက်တတ်ပါ။ ဘာ့ကြောင့် ဟင်းမချက်တတ်ရသလဲဆိုတာ ပြောပြပါမည်။ ကျမတွင် အမတွေ အများကြီး ရှိပါသည်။ ကျမငယ်ငယ်ကတည်းက အမေနှင့် အမတွေက အစဉ်အတိုင်း မီးဖိုချောင်ဝင်လာကြသဖြင့် ကျမ ဟင်းမချက်တတ်ပါ။ နောက်တစ်ချက်က ငယ်ငယ်က ကျောင်းတက်နေရလို့။ ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်နေရလို့ပြီးတော့ စောစောကပြောခဲ့သလို ကိုယ့်စီနီယာတွေ များနေသဖြင့် မီးဖို ချောင်သည် ကျမ ကျင်လည်စရာနေရာမဟုတ်သဖြင့် ကျမ ဟင်းမချက်တတ်သည်မှာ မဆန်းဟု ထင်သည်။
ပြီးတော့ ကိုယ့်မှာ ချက်ကျွေးစရာလူလည်းရှိတာမဟုတ်။ နောက်ပြီး အမေရှိစဉ်ကတည်းက ကိုယ့်ကို မိဘကိုလုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးဆိုပြီး အမေကိုယ်တိုင်ကလည်း မချက်ခိုင်းပေ။ ကိုယ်ကတော့ ဆီပြန်ဟင်းတွေမဟုတ်ပေမယ့် ကိုယ်စားဖြစ်လောက်ရုံတော့ ချက်တတ်ပါသည်။
သို့ပေမယ့် ကိုယ့်ရဲ့ဟင်းချက်ချင်စိတ်လေးဟာ လွန်ခဲ့တဲ့ ငါးနှစ် လောက်တုန်းက စုန်းစုန်းမြုပ်သွားလေသည်။ ထိုအကြောင်းကို မေ့နေသည်မှာကြာပြီ။ မနေ့ကမှ တူမလုပ်သူက ဖေ့ဘုတ်မှာ ပိုစ့်တစ်ခု ရှယ်ထားတာတွေ့လိုက်မှ ကွန်မန့် မန့်ရင်းသတိရမိလို့ ယခုပိုစ့်ကို ရေးလိုက်ရခြင်းဖြစ်ပါသည်။
အဖြစ်က ဒီလို……။
အဲ့အချိန်တုန်းက နေပြည်တော်က တူမဖြစ်သူက သင်တန်းပိတ်ရက် အိမ်မှာလာပြီးအနားယူချိန်ဖြစ်သည်။ ထိုတူမက မြို့သစ်ဘက်က အိုးရှင်းစင်တာကို ကျမမရောက်ဖူးဘူးဆိုသဖြင့် လိုက်ပို့သည်။ ထုံးစံ အတိုင်း ကျမတို့တူဝရီးနှစ်ယောက် အိုးရှင်းမှာ လျှောက်ကြည့်ရင်း နောက်ဆုံးတော့ စားစရာတွေပဲ ဝယ်ကြတာပေါ့။
အဲ့အချိန်မှာ ကျမက ရယ်ဒီမိတ်မုန့်တွေရောင်းသောဘက်ကို ရောက် သွားပြီး ရယ်ဒီမိတ်အုန်းနို့ခေါက်ဆွဲထုတ် တစ်ထုပ်ဝယ်လာခဲ့သည်။ အဲ့တုန်းက အမေဆုံးသွားပြီဖြစ်သည်။ အိမ်မှာ ကျမတို့ညီအမနှစ်ဦး နှင့် တူမသုံးယောက်သာရှိသည်။ ကျမက နောက်တစ်နေ့မနက် ရောက်တော့ ရယ်ဒီမိတ်ထုတ်မှာပါတဲ့ အညွှန်းအတိုင်း အုန်းနို့ခေါက် ဆွဲချက်ကြည့်သည်။
ဝိုး….အနံ့လေးက မွှေးနေတာပဲ။ ကျက်ပြီဆိုတော့ နေပြည်တော်က တူမကို နှိုးလိုက်သည်။ နောက်တူမတစ်ယောက်ကအိပ်တုန်း၊ နောက်တူမတစ်ယောက်ကတော့ အလုပ်သွားဖို့ ပြင်ဆင်နေသည်။ ကျမက နေပြည်တော်ကတူမ ကေ့ကိုအဒေါ်ကို နှိုးပြီး အုန်းနို့ခေါက်ဆွဲကျွေးသည်။
အဲ့တူမက ကိုယ့်ရဲ့စကေးကို ကြိုသိနေသလားမသိ။ တော်ပြီ အန်တီ နွယ် သမီးဗိုက်မဆာဘူးဆိုပြီး ထမစားပေ။ သို့နှင့် အလုပ်သွားမည့် တူမကို ကျွေးကြည့်သည်။ ကိုယ်ကလည်း ကိုယ့်စကေးကို ယုံကြည်ချက်မရှိပုံများ ကိုယ် မစားပဲ တူမတွေကို ဇွတ်ကျွေးသည်။ ထိုတူမကတော့ ကိုယ့်ကိုကြောက်၍ တစ်ဇွန်းအရင်စားကြည့်သည်။
“ဟင်…အန်တီနွယ့် အုန်းနို့ခေါက်ဆွဲကြီးကလည်း ဘယ်လိုအရသာ ကြီးတုန်း။ ရော့… ကျနော်မကြိုက်ဘူး” ဆိုပြီး တစ်ဇွန်းပဲသောက်ပြီး ထသွားသည်။ ကိုယ်လဲ အဲ့ဒီတော့မှ ကိုယ့်လက်ရာကိုယ် ပြန်မြည်း ကြည့်မိသည်။
“ဖွီ….ဟုတ်ပါ့။ ဘယ်လိုမျိုးကြီးလဲမသိဘူး။ အနံ့လေးကတော့ မွှေး နေပြီး အရသာက မကောင်းဘူး”
“အင်း….ကိုယ်ကလည်း စိတ်ကြီးတယ်။ ဒီနေ့ အုန်းနို့ခေါက်ဆွဲ သောက်မယ်လို့မှန်းထားတော့ သောက်ကို သောက်ရမှဖြစ်မှာ”
“ခိုင်…ငါ့တူမ ညည်းအလုပ်သွားရင် ဒေါ်ခင်တင့်ဆိုင်က အုန်းနို့ ခေါက်ဆွဲတစ်ပွဲ ဝယ်ပြီးလာပို့အုံး။ ငါစောင့်နေမယ်”
ဆိုပြီးတော့ အိမ်ချက်အဆင်မပြေတာနဲ့ ဆိုင်ကအုန်းနို့ခေါက်ဆွဲကို ဝယ်သောက်လိုက်ရတယ်။ တူမတွေများ မကောင်းချက်။ ကျမချက် တဲ့ အုန်းနို့ခေါက်ဆွဲကျွေးတုန်းကကျ မဆာဘူးဆိုပြီး အိပ်ရာက တောင်မထဘဲနဲ့ ဆိုင်က အုန်းနို့ခေါက်ဆွဲဝယ်လာတော့မှ ပါးဖြဲ နားဖြဲ စားလိုက်ကြတာများ ကိုယ့်အတွက်တောင် မနည်းချန်ခိုင်းရတယ်။
ကျမလဲ အဲ့ကတည်းက မီးဖိုချောင်ကို လုံးဝခြေဦးမလှည့်တော့ဘူး။
ကဲ...ကျမလက်ရာ ဘယ်သူများစားချင်ကြလဲ။
@nweoomon
21-2-2022