ကျမမှာ တူ၊ တူမတွေ များသလို မြေးတွေလဲများသည်။ သို့ပေမယ့် မြေးလေးပိုင်ပိုင်နှင့် အနေနီးသဖြင့် သူ့ကိုသာ အချစ် ပိုနေရသည်။ သူက လူကသာ ခုနှစ်နှစ်၊ ခုထိစကားက မပီ။ သို့ပေမယ့် စကားကြီးစကားကျယ်ပြောတတ်တာကတော့ သူ့အဖေ အတိုင်းပဲ။
သူ့အကြောင်းကို မကြာခဏစာရေးဖူးပါသည်။ သူ့အမေ၏ အဖိုးအဖွားများကိုလည်း အလွန်ချစ်သည်။ သူ့ဟိုဘက်ဘိုးဘွား တွေက တောသူတောင်သားတွေဆိုတော့ ရွာက နွားခြံထဲမှာ ထရံကာ ဓနိမိုးတဲလေးနှင့် နေရသည်ကို သူ့မှာ စိတ်မချမ်းသာ ဖြစ်နေရသည်။ သူ့ဖေကြီး၏ လယ်တောကိုလည်း အလွန် ချစ်သည်။ ကလေးပေမင့် တောနှင့်မြို့ကွာခြားချက်ကို မသိဘဲ သူ့ဖေကြီးအိမ်က တဲလေးဖြစ်တာကို သနားနေတတ်သည်။
ကျမတို့အိမ်ပြောင်းလာရတော့ အိမ်မှာခင်းထားသည့် ကွပ်ပျစ် တွေကို ဖျက်လာရသည်။ အမအိမ်ရောက်တော့ အမက အသား မှာရိုက်ထားသော သံမှိုများကို နုတ်ပြီး အသားတွေကို တစ်ခု ချင်း အိမ်ဘေးမှာထောင်ထားသည်။ ထိုအသားများကို ပိုင်ပိုင် မြင်တော့ ကျမအမ သူ့အဖွားကို ပြောသည်။ “ဖွားဖွားဝင်း အဲ့ အတားတွေကို တားတားရွာကိုပေးပါလား။ ရွာက ဖေကြီးလယ် သွားတဲ့လမ်းမှာ တံတားခင်းချင်လို့” ဆိုပြီး မပီကလာ ပီကလာ နှင့်တောင်းသည်။
ကျမတို့မှာ သူ့ဖိုးဖွားများအပေါ် သိတတ်မှုကို အံ့ဩနေရသည်။ နောက်ပြီး သူ့အမေက ကိုယ်ဝန်နှင့် ဆိုတော့ ဘာကိစ္စမဆို သူ့အမေပင်ပန်းမှာစိုးတယ်ဆိုပြီး ကျမကို လာလာခိုင်းတတ် သေးသည်။ မအေအပေါ်တော့ တကယ်သိတတ်သည့်ကောင် ဖြစ်သည်။ ကြီးလာရင်တော့ ဘယ်လိုနေမယ်မသိ။
တနေ့တုန်းကတော့ ကျမ၊ ပိုင်ပိုင်နှင့် သူ့အဖေနှင့် အမေတို့ စကားပြောနေကြသည်။ သူ့အမေက ကျမတူကို ဆံပင်ဖြူနှုတ် ပေးနေစဉ် ကျမက “မခိုင်ရယ် နင်က ငါ့တူကို အရမ်းချစ်တာ ပဲလား” ဟု စလိုက်သည်။ သူ့အမေက “မချစ်ပါဘူး” ဆိုပြီး ပြုံးပြုံးကြီး ပြန်ဖြေသည်။
ဒါကို ပိုင်ပိုင်ကြားတော့ “မေမေကလည်း ဖေဖေ့ကို မချစ်ဘူး လို့ပြောပြီး သားသားတရေးနိုးရင် ဖေဖေ့ဘေးမှာချည်းပဲ” လို့ ထပြောတော့ ကျမတို့မှာ ရီလိုက်ရတာ။ သူ့အမေက “အံမာ ငါဘယ်တုန်းကကပ်လို့လဲ။ နင့်အဖေနား နင်ချည်းကပ်နေတာ နဲ့ ငါကိုမကပ်ရဘူးဆိုပြီး ထအော်တယ်။ ကဲ…ပိုင်ပိုင်တို့က အဲ့လိုပါဆို…။
ကျမကလည်း “ကဲပါ…ရှက်မနေပါနဲ့တော့။ ကလေးပြောတာ မှန်တယ်။ နောက်တဗိုက်ကသက်သေ” လို့ ပြန်ပြောတော့မှ လူကြီးရှက်တော့ ရယ်နေတယ်။ တကယ့်ကောင် တစ်ခွန်းဆို တစ်ခွန်း ထိမိပါ့။
@nweoomon
7-3-2022