ဒီနေ့ လူကြုံကောင်းတာနဲ့ မြို့ထဲဘက်က အမဆီကို အလည်လိုက် သွားသည်။ အိမ်မှုကိစ္စလုပ်၊ ရေမိုးချိုးပြီး ထမင်းမစားကြဘဲ ညီအမ သုံးယောက် အိုးဝေငှားပြီး ထွက်လာကြသည်။ မြို့ထဲမှာ အလုပ်လုပ် နေသော တူမဆီ အရင်ဝင်ကြမည်။ ပြီးမှ အမအကြီးဆုံးဆီ အလည်သွားကြမည်ဆိုပြီး တိုင်ပင်ထားကြသည်။ ထိုတူမက အရင် တုန်းက ကျမနှင့် အတူနေသူဖြစ်သည်။ ယခုတော့ သူမမိခင်၏ အုပ်ထိန်းမှုအောက်တွင် မိသားစု စုံစုံညီညီရှိနေပြီဖြစ်သည်။
တူမအလုပ်လုပ်တဲ့ဆိုင်ရောက်တော့ အလုပ်ရှုပ်နေသဖြင့် ခဏ စောင့်နေရသည်။ ကျမကလည်း တူမမှတဆင့် သူငယ်ချင်းတစ်ဦးဆီ ပစ္စည်းပါးစရာရှိသဖြင့် ထိုပစ္စည်းများကို ကိုင်ပြီး တူမအမေ ကျမအမနှင့် အတူတူထိုင်စောင့်နေကြသည်။ အချိန်ခဏစောင့်ပြီး နောက် တူမရောက်လာပြီး ကျမကို လစာငွေပေးသည်။ ကျမလည်း အယောင်ယောင်အမှားမှားဖြင့် ယူထားမိပြီးမှ သူမအမေထံ ကမ်း ပေးလိုက်သည်။
အမှန်က တူမလေးက ယောင်မှားပြီးကျမကို လစာအပ်လိုက်မိခြင်း ဖြစ်သည်။ ခါတိုင်းအပ်နေကျကိုး။ ပြီးခဲ့သည့် နှစ်တွေတုန်းကတော့ တူမလစာ၊ ကျမလစာအပြင် ကျမငွေလွှဲလုပ်သည့် အပိုဝင်ငွေလေး တွေဖြင့် ကျမဘဝငွေကြေးပြည့်စုံမှုရှိခဲ့သည်။ ယခုကျမလစာမရှိ တော့သည့်အချိန် တူမလေးလစာစားရတော့မည့် အချိန်ရောက်မှ သူမအမေထံလွှဲပေးလိုက်ရသည်ဆိုတော့ အင်း…စားရခါနီးမှ ပုတ်ချခံလိုက်ရသလိုပါပဲလား။
ပြီးတော့ လစာဘယ်လောက်အပ်တာလဲလို့ စပ်စုကြည့်လိုက်တော့ ကိုယ့်တုန်းကထက် တစ်သိန်းကြီးများတောင် ပိုအပ်ထားတာကို တွေ့လိုက်ရတော့ ရင်ထဲမှာဘာလိုလို။ အဲ့ဒါသာကြည့် အဒေါ် ဘယ်လောက်ကောင်းကောင်း မိခင်အရင်းလို ဘယ်တူ၊ တူမကမှ သဘောမထားဘူးဆိုတာ နမူနာပဲ။ စကားပုံလဲ အရှိသားမလား။ ဝမ်းနဲ့မလွယ် သားမမည်တဲ့။
ဝမ်းနည်းတာမဟုတ်ပေမယ့် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသား။
@nweoomon
5-4-2022