အငြိမ်းစားနေထိုင်လာသည်မှာ တနှစ်ကျော်ကာလရှိပေပြီ။ ထိုနှစ်တွေမှာ လစာမရှိ၊ ဝင်ငွေနတ္ထိဖြင့် ဖြတ်သန်းလာခဲ့သည်။ အစပိုင်း ကာလများကတော့ လူရောစိတ်ပါအနားရ၍ ကြိုက်လှသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျင်းလာသည်။ အလုပ်ဆိုသည်မှာလည်း ဝင်ငွေမရ၍သာ အလုပ်မရှိဟု ပြောရသည်။ အိမ်၏ နိစ္စဓူဝ အလုပ်တွေကတော့ အချိန်ကြာလှသည်နှင့်အမျှ ပို၍ ပို၍ များလာသည်။ အလုပ်မရှိလျှင်သော်မှ စိတ်ကမအားရပေ။
မြေးကလေးကို ချီပိုးချော့မြှူရသေးသည်။ မီးကပျက်ချိန်မှန်၍ လာချိန်မမှန်သော အခါ မီးလာသည်နှင် လုပ်စရာတွေ အပြေးအလွှားလုပ်ရသေးသည်။ ထမင်းအိုး အချိန်မီတည်၊ ရေနွေးအိုးတည်၊ နံနက်စာ စားသောက်ပြီးစီးလျှင် ဟင်းချက်ရန် ကူရသေးသည်။ တသက်လုံးက မီးဖိုချောင် မဝင်ခဲ့ရသည့်ကျမ ခုတော့ ဟင်းချက်ရန် ကြက်သွန်နီ၊ ခရမ်းချဉ်သီးလှီးရသည်။ ဟင်းရွက်ခြွေပြီး ဆေးထားရသည်။ သို့မှသာ ဟင်းကို အဆင်သင့် ချက်နိုင်မည် မဟုတ်ပါလား။
ပြီးလျှင်အပြေးအလွှားရေတင်ရသေးသည်။ ရေက မြေအောက်ရေလှောင်ကန်မှတဆင့် အပေါ်တင်ရသည်ဆိုတော့ အပေါ်ရေလျှံမှာစိုး၍ အိမ်ပေါ်တက်ကြည့်ရသေးသည်။ အဝတ်တွေလျှော်၊ ခြောက်သောအဝတ်တွေ ခေါက်၊ မီးပူတိုက် အင်း...ပြောကို မပြောချင်တော့ပါဘူး။
ပြီးလျှင် ဆပ်ပြာဆီဖျော်ဖို့လုံးပမ်းရသည်။ ကိုယ်ကလည်း မည်မျှသေးငယ်သော အလုပ်ဖြစ်ပါစေ။ ဖြစ်ကတတ်ဆန်း မလုပ်တတ်သဖြင့် အချိန်ပိုကုန်သည်။ ပြီးတော့ ကိုယ်က ကိုယ့်ရဲ့ပစ္စည်းကို ဝယ်သူတွေ သုံး၍ စိတ်ကျေနပ်စေရန် စေတနာထားပြီး လုပ်သဖြင့် အမြတ်ကတော့ သိပ်မကျန်။ ဘယ်အလုပ်ဖြစ်ဖြစ် အခက်အခဲ ဆိုတာရှိသည်။ ကျမကတော့ ဘာလုပ်လုပ် စေတနာထားလုပ်သည်။
ဒီကာလတွေမှာ စိတ်ဓာတ်တော့ကျမိသည်။ ခါတိုင်း စိတ်ဓာတ်ကျပေမယ့် လုပ်ဖော်ကိုင်ဖက်တွေဆီ ဖုန်းဆက်စကား ပြောလိုက်ရင် အားပြန်ရှိပေမယ့် ခုတခေါက်ကတော့ မတူ။ စိတ်ထဲမှာ မှောင်မိုက်နေသည်။ လမ်းပျောက်သလို ခံစား ရသည်။ ကိုယ့်ဘဝကို နတ်အိုးကွဲလိုခံစားနေရသည်။ အစွမ်းအစမရှိ အိမ်အလုပ်တွေလုပ်ပြီး မနေချင်သလို၊ ရုံးပြန်တက်ဖို့ကျတော့လည်း မတက်ချင်၊ ခေါ်တဲ့အလုပ်နေရာ ကျတော့လည်း ရန်ကုန်မှာမို့ မသွားနိုင်၊ ဈေးရောင်းရအောင်လည်း ဘာမှမတတ် ဒါတောင် ခုတော့ အထည်လေးတွေ တတ်စွမ်းသမျှရောင်းသေးသည်။
အင်း ....စိတ်လေနေသော ကာလများပါလေ။
@nweoomon
28-5-2022