လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ကျမဉမ္မာခင်နဲ့ တွေ့မိသလားမသိ။ တညလုံးခေါင်းတွေ တဆစ်ဆစ်ကိုက်ပြီး အိပ်မရတဲ့အတွက် နောက်နေ့ တစ်နေကုန်အိပ်လိုက်တာ ညနေမှ နိုးတယ်။ နိုးလာတော့ ခေါင်းကိုက်သက်သာသွားတယ်။ ကျမနဲ့တူတူ ခေါင်းကိုက်တဲ့ညီမကတော့ နှစ်ရက်လောက် ဆေးထိုးလိုက် မှသက်သာသွားတာ။ တခြားအိမ်သားတွေ အားလုံးနီးပါးလဲ နေမကောင်း ဖြစ်ကြတော့ ပို့စ်တင်ဖို့ ပျက်ကွက်နေရပါတယ်။ ခုတော့ တစ်နေ့က ရေးပြီးသား ပိုစ့်လေးတင်ရင်း အရင်လို ပိုစ့်တွေ ပုံမှန်ပြန်တင်ပါတော့မယ့်အကြောင်း နုတ်ဆက်ပါတယ်ရှင်။
ယခုတပို့တွဲလပြည့်ဆိုလျှင် ကျမအဖေဆုံးတာ (၂၁) နှစ် တင်းတင်းပြည့်ပြီဖြစ်သည်။ တစ်နေ့တုန်းက အမက ကုသိုလ် လုပ်အုံးမည်ဆိုပြီး ပြောသဖြင့် ကျမလည်း အဖေ့အတွက် ရည်စူးပြီး ထမနဲကုသိုလ်လုပ်ရန် အကြံပေးလိုက်သည်။ ထို့နောက်တော့ ထမနဲထိုးတတ်သည့်သူကို မေးကြည့်တော့ ထိုသူက ထိုးပေးမည် သို့သော် လိုအပ်သောပစ္စည်းများဝယ်ပြီး သူ့အိမ်ကို ပို့ပေးရမည်။ အိမ်ကိုတော့လာမထိုးနိုင်ပါဆိုသဖြင့် ထိုသူပြောသလို သဘောတူလိုက်ရသည်။
တကယ်တမ်း ထမနဲဝေမယ့်နေ့ရောက်တော့ ထိုသူနှင့် အိမ်ရှေ့အိမ်မှ အမေကြီးက သူ့မ၏သားကို ခေါ်၍ ကူညီပေးစေ သည်။ ကျမလည်း ထိုသူထမနဲထိုးသည်ကို သွားကြည့်ပြီး စိတ် ထဲမှာ အတွေးတစ်ခုပေါ်လာသည်။ ခါတိုင်းနှစ် တပို့တွဲလ မပြည့်ခင်တစ်ရက်အလိုတွင် မြို့ဟောင်းဇလီဖားပေါင်းစက်ရုံမှ စက်ရုံအုပ်ကြီးက ထမနဲဗူးများ ဝေလေ့ရှိသည်။
ကျမလုပ်သက်အနှစ်နှစ်ဆယ်ကျော်တွင် တစ်နှစ်မှ ထမနဲဝေ တာ မပျက်ခဲ့သဖြင့် အချိန်ရောက်လျှင် ထမနဲဗူးမျှော်ရသည်။ ညနေသုံးနာရီလောက်ဆိုလျှင် ဖားပေါင်းစက်ရုံအုပ်ကြီးမှ သူ၏ ဝန်ထမ်းများကို ထမနဲဗူးထည့်ထားသော ထန်းခေါက်တောင်း ကြီးကို သယ်စေပြီး ကျမတို့ ရုံးသူရုံးသားများအားလုံးကို တစ်ယောက်တစ်ဗူးဝေသည်။ ရုံးဆင်းပြီဆိုလျှင် ရုံးသမားများ ၏လက်တွင် ထမနဲဗူးလေးတွေ ကိုယ်စီနှင့်။
ယခုတော့ ထမနဲဗူးမရသည်မှာ နှစ်နှစ်ရှိပေပြီ။ သူကတော့ ထုံးစံမပျက်ဝေနေမည်မှာမလွဲပေ။ ကျမတို့ငယ်ငယ်တုန်းက တော့ အိမ်တိုင်းလိုလို ထမနဲထိုးကြသည်။ မှတ်မိပါသေးသည်။ ထိုစဉ်တုန်းက ကျမတို့အိမ်တွင် ထမနဲထိုးကြတော့ လိုင်းထဲက အိမ်နီးနားချင်းယောင်္ကျားကြီးများကလည်း လာကူကြသည်။ လူနှစ်ဦးက ထမနဲထိုးသည့်ယောင်းမရှည်ကြီးများဖြင့် ထိုးမွှေ သလို အဖေက အလယ်မှထိုင်ပြီး ထိုယောင်းမကြီးကို တဖက် တချက်ကိုင်ပြီး ထမနဲထိုးကြသည်။
အမေနှင့် အခြားအိမ်နီးချင်းအမျိုးသမီးများကတော့ မြေပဲဆံ တွေကြိတ်၊ အုန်းသီးတွေခြစ်ပေါ့။ ကျမတို့ကလေးတသိုက် ကတော့ သူတို့မလှမ်းမကမ်းမှာဆော့ရင်း မြေပဲဆံလှော်တွေ နှိုက်စားလိုက်၊ အမေကအော်လိုက် အုန်းသီးစိတ် လှမ်းနှိုက် ပြေးလိုက်နှင့် ပျော်စရာထမနဲထိုးပွဲလေးပေါ့။
ယခုတော့ ကိုယ်ကပဲ ဘယ်မှမသွားလို့လားမသိ။ ထိုကဲ့သို့ ထမနဲထိုးပွဲကို မမြင်မတွေ့ရတာကြာသလို ထမနဲထိုးတတ်သူ ရော ရှိသေးသလားမသိပေ။ အမကိုကူညီပြီး ထမနဲထိုးပေး သည့် ဦးလေးကြီးကတော့ ထမနဲထိုးတာကို ခုခေတ်လူငယ် တွေ စိတ်မဝင်စားကြတော့ကြောင်း၊ နောင်ဆို အိမ်တွင် ထမနဲထိုးခြင်းယဉ်ကျေးမှု ရှိတော့မှာမဟုတ်ကြောင်း၊ ခုခေတ် က ရယ်ဒီမိတ်ခေတ်ဖြစ်၍ စားချင်လျှင် အသင့်ဝယ်စားလိုက်၍ ရပေမယ့် ကိုယ့်အိမ်မှာလုပ်သလိုတော့ စားကောင်းမှာမဟုတ် ကြောင်း အာဘောင်အာရင်းသန်သန်ဖြင့် ပြောနေသည်။
ဟုတ်လည်းဟုတ်သည်။ ခေတ်မှီတာကောင်းပေမယ့်လည်း ကျမတို့မြန်မာ့ရိုးရာယဉ်ကျေးမှုလေးတွေ ပျောက်ကွယ်သွားမှာ ကိုတော့ စိုးရိမ်မိသည်။ ရှေးထုံးလည်းမပယ်နဲ့ဆိုသလို ရိုးရာ ယဉ်ကျေးမှုလေးလည်း မပျောက်ပျက်အောင် ခေတ်လူငယ် တွေကို ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်အောင် သင်ပေးကြရ မယ် မဟုတ်ပါလား။
@nweoomon
19-2-2022