အားလုံးပဲ မင်္ဂလာပါ။
တစ်ညတာ မီးအလင်းရောင် အသင့်အသင့်ရှိတဲ့ အခန်းမှာ အိပ်စက်ခြင်းက ကျွန်တော်တို့ရဲ့ နှလုံးခုန်နုန်းကို မြန်စေနိုင်တဲ့ အပြင် အချိုဓါတ်ကိုလျော့ ပေးနိုင်တဲ့ အင်ဆူလင်ဓါတ်(insulin) ခံနိုင်စွမ်းကိုလဲ တိုးစေတယ်လို့ဆိုပါတယ်။
လေ့လာမှုတစ်ရပ်ကို ကျန်းမာကြံ့ခိုင်တဲ့ လူဆယ်ဦးစီပါဝင်တဲ့ အဖွဲနှစ်ဖွဲ့နဲ့ လုပ်ခဲ့ပါတယ်။ ပထမတစ်ဖွဲ့ကိုတော့ မီးမှိန်မှိန်လေး ထွန်းထားတဲ့အခန်းမှာ နှစ်ညဆက်တိုက်အိပ်စက်စေခဲ့ပြီး၊ ကျန်တစ်ဖွဲ့ အခန်းတွေကိုတော့ ပထမတစ်ညမှာ မီးမှိန်မှိန်ထွန်းထားစေပြီး နောက်တစ်ရက်မှာတော့ အလင်းရောင် အသင့်အသင့်ရှိတဲ့ 100 lux မီးသီးနဲ့ထွန်းပြီး အိပ်စက်စေခဲ့ပါတယ်။ 100lux မီးအလင်းအားကတော့ မိုးအုပ်နေတဲ့ နေ့မျိုးမှာလင်းတဲ့ အလင်းရောင်ပမာဏလောက်နဲ့ညီမျှပြီး၊ အမှောင်ခန်းမှာ ဖွင့်ထားတဲ့ရုပ်မြင်သံကြား အလင်းရောင်အား ဒါမှမဟုတ် ညအချိန်ပြတင်းပေါက်ကို ဖြတ်ဝင်လာတဲ့ ဓါတ်မီးတိုင်အလင်းအား လောက်လင်းပါတယ်။
လေ့လာမှုမှာ ပါဝင်သူတိုင်းကို နှလုံးစောင့်ကြည့်စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ပြီး အိပ်စက်စေခဲ့ပါတယ်။ ဒုတိယညမှာတော့ မီးရောင်အသင့်အသင့်လင်းတဲ့ အခန်းတွေမှာ အိပ်စက်သူတွေဟာ နှလုံးခုန်နုန်း သိသိသာသာ မြင့်မားနေတာကို တွေ့ရှိရပါပြီး မီးမှိန်မှိန်လင်းတဲ့ အခန်းတွေမှာ နှစ်ညလုံးအိပ်စက်သူတွေမှာတော့ နှလုံးခုန်နုန်းသိသိသာသာပြောင်းလဲမှု မရှိတာကို တွေ့ရှိရပါတယ်။
"မီးရောင် အသင့်အသင့်လင်းတဲ့ အခန်းမှာ အိပ်စက်ခြင်းက ခင်ဗျားတို့ရဲ့ နှလုံးခုန်နုန်းကို ပိုမြန်စေတယ်ဆိုတာကို ကျွန်တော်တို့ပြနိုင်ခဲ့တယ်" လို့ Northwestern တက္ကသိုလ်က လက်ထောက် ပါမောက္ခ Daniela Grimaldi ကဆိုပါတယ်။ "ခင်ဗျားတို့အိပ်စက်ချိန်မှာ ခင်ဗျားတို့ရဲ့ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြော စနစ် (automatic nervous system) က အလုပ်လုပ်ပါတယ်"။ ဒီ အာရုံကြော စနစ် ဟာ ကျွန်တော်တို့ရဲ့ အသက်ရှုတာ၊ နှလုံးခုန်တာ၊ မျက်လုံးအိမ် ခြုံ့ ချဲ့ တာ၊ အစာခြေဖျက်တာ၊ fight or flight တုန့်ပြန်မှုပေးတာ စတဲ့ အလိုအလျောက်အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေ ပုံမှန်အလုပ်လုပ်အောင် ဆောင်ရွက်ပေးပါတာပါ။
ဒါပေမယ့် ဒီ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြောစနစ်ဟာ သင့်ရဲ့ နှလုံးခုန်နုန်းမြန်အောင် မောင်းနှင်လာမယ်ဆိုရင်တော့ ဒါဟာ မကောင်းတဲ့ လက္ခဏာပဲလို့ Daniela ကဆိုပါတယ်။ "ပုံမှန်ဆိုရင်တော့ နှလုံးခုန်နုန်းက ညအချိန်မှာ နိုမ့်ပြီး၊ နေ့အချိန်မှာ မြင့်တာပါ" လို့ သူကပြောပါတယ်။
သုတေသီတွေဟာ ဒီစမ်းသပ်လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို မနက်နိုးထလာတိုင်း သူတို့ရဲ့ အင်ဆူလင် ခံနိုင်အား(insulin resistance)ကို အကြိမ်ကြိမ်စမ်းသပ်မှုပြုပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အင်ဆူလင် ဟော်မုန်းဟာ ဆဲလ်တွေ သွေးထဲက သကြားဓါတ်တွေရယူဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် အင်ဆူလင် ခံနိုင်အားမြင့်လာရင်တော့ ဒီဆဲလ်တွေဟာ သကြားဓါတ်ကို မရယူတော့တာကြောင့် ဒါကိုဖာထေးဖို့ ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းကို ပိုမိုထုတ်လုပ်လာပါတယ်။ အချိန်ကြာလာတာနဲ့ ဒီဆဲလ်တွေဟာ အင်ဆူလင်ဓါတ်တွေကို ပိုမိုခံနိုင်လာပြီး သွေးထဲက သကြားဓါတ်ပါဝင်မှုဟာလဲ မြင့်လာရပါတယ်။
ပထမတစ်ရက် မီးမှိန်မှိန်နဲ့ အိပ်စက်အပြီး နောက်မနက်မှာတော့ နှစ်ဖွဲ့စလုံးရဲ့ အင်ဆူလင် ခံနိုင်အား တူညီနေတာကိုတွေ့ရပါတယ်။ အင်ဆူလင် စမ်းသပ်ချက်မှာ HOMA-IR စမ်းသပ်ချက်နဲ့ OGTTစမ်းသပ်ချက် နှစ်ခုပါဝင်ပါတယ်။ ဒုတိယည အပြီးမှာတော့ မီး အသင့်အသင့်လင်းတဲ့ အခန်းမှာ အိပ်စက်ခဲ့တဲ့သူတွေရဲ့ စမ်းသပ်ချက်ရလဒ်တွေ ဆိုးရွားနေတာတွေ့ရပြီး၊ မီးမှိန်မှိန်နဲ့ အိပ်စက်သူတွေရဲ့ ရလဒ်ကတော့ ပထမရက်ကရတဲ့ ရလဒ်အတိုင်း ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနေတာကိုတွေ့ရပါတယ်။ "အသင့်အသင့်လင်းတဲ့အလင်းမှာ တစ်ည အိပ်စက်မိခြင်းက နောက်တစ်ရက်မနက်မှာ အင်ဆူလင်ခံနိုင်စွမ်း သိသိသာသာမြင့်တက်နေတာကို တွေ့ရှိခဲ့ရတယ်" လို့ သုတေသီတွေက ရေးသားထားခဲ့ပါတယ်။ "လူတွေအနေနဲ့ ကျွန်တော်တို့ နောက်ထပ်ကြီးမားတဲ့ စမ်းသပ်ချက်တွေလုပ်ပြီးမှ သူတို့ရဲ့ အိပ်စက်မှုပုံစံအလေ့အထကိုပြောင်းလဲရမယ်လို့ မယူဆစေချင်ဘူး" လို့ အိပ်စက်မှုကို အထူးပြုလေ့လာနေတဲ့ အာရုံကြောဆိုင်ရာသိပ္ပံပညာရှင် Jim Horne က ဆိုပါတယ်။
"How It Works" မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်အား ကိုးကားရေးသားထားတာဖြစ်ပါတယ်။
@princekham
8:47 PM
25th April 2022
Ref: "Sleeping with a light on maybe bad for your heart" by NICOLETTA LANESE from "How It Works" Issue 163, 2022