မိုးနဲမြို့ရဲ့ နေရာ အတော်များများကို ရှေ့အပိုင်းတွေမှာ ပြောပြခဲ့ပြီးပါပြီ။ ကျွန်တော်မရောက်ဖူးသေးတဲ့ နေရာ အချို့လဲ ရှိပါတယ်။ ဘာလို့မရောက်ဖူးလဲဆိုတော့ အရင်က သွားလာရအဆင်မပြေတဲ့ နေရာတွေ ဖြစ်တာက တစ်ကြောင်း လူကြီးတွေ လိုက်ပို့မှ ရောက်နိုင်တဲ့နေရာတွေ ဖြစ်တာက တစ်ကြောင်းမို့ပါ။
တချို့နေရာတွေကျတော့ တောတွေထပြီး ချုံတွေနဲ့ဆိုတော့ ရှိလို့ရှိမှန်းတောင် မသိတော့ပါဘူး။ အခု စိတ်ဝင်စားမိနေတဲ့နေရာက လွိုင်လျန်း ဘုန်းကြီးကျောင်းပါ။ ကျွန်တော် အရင်က အဲ့ဒီကို မရောက်ဖူးပါဘူး။ နှစ်ပေါင်း ရာကျော် သက်တမ်း ရှိပြီလို့ သိရပါတယ်။
မိုးနဲအရှေ့ဖက်မှာ ရှိပြီး ရှေးဟောင်း နံရံ ဆေးရေး ယွန်းရှမ်းတွေရဲ့ အနုပညာတွေရှိတယ်လို့ သိရပါတယ်။ မြို့ထဲက တခြား ဘုန်းကြီးကျောင်းတွေကတော့ ပွဲနဲ့ အခါကြီးရက်ကြီးတွေမှာ ဘုန်းကြီးကျောင်းသွားရင်းရောက်ခဲ့ပေမယ့် လွိုင်လျန်းကျောင်းက မြို့အပြင်ဖက်မှာမို့ မရောက်ဖြစ်ခဲ့ပါ။
ငယ်ငယ်တုန်းကလဲ ဘုန်းကြီးကျောင်းဆို စိတ်မဝင်စားတာ ပါမယ်ဗျ။ ကိုရင်ဝတ်ဖို့ သင်္ကန်းတောင်း သွားသင်တာတောင် အတော် စိတ်မပါတာပါ။ ဆိုတော့ ဘုန်းကြီးကျောင်းဆို သွားလည်ကြည့်စရာလို့ကို စိတ်ထဲ မထင်မိတာပါ။
အခု အလုပ်တွေလုပ်လာပြီးတဲ့နောက်ပိုင်းမှ ရှေးဟောင်းကျောင်းတွေ နေရာတွေဟာ ထင်ထားတာထက် ပိုတန်ဖိုးကြီးမှန်း သိလာရပါတော့တယ်။ ဒါတွေကို အခုကတည်းက စနစ်တကျ ပြုပြင်ထိန်းသိမ်းတာ မှတ်တမ်း မှတ်ရာ လုပ်တာတွေဟာ တကယ် အရေးကြီးလှပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေသာ မရှိတော့ရင် သမိုင်းဆိုတာဟာလဲ ပျောက်ကွယ်သွားမှာပါ။
ခက်နေတာက ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့က အဆင်ပြေသလိုပဲ စခန်းသွားနေကြရတော့ conservation ပိုင်းက အင်မတန်အားနည်းပါတယ်။ စနစ်တကျလုပ်နိုင်တာလဲ နည်းပါးလှပါတယ်။ တကယ့် tourism နယ်ပယ်ထဲက နေရာတွေမှာတောင် အမှားအများကြီးနဲ့ပါ။
လွိုင်လျန်းကျောင်းမှာဆိုလဲ ရွှေဆေးနံရံ ပန်းချီတွေ ဘုန်းကြီးကျောင်း တည်ဆောက်ပုံတွေကနေ ဟိုးအရင် ယွန်းရှမ်းတို့ ယဉ်ကျေးမှုကို လေ့လာနိုင်မှာပါ။ ရှေးဟောင်း ပုရပုဒ်တွေလဲ ရှိတယ်လို့ ပြောသံ ကြားရပါတယ်။ ဒါပေမယ့် အတော်များများ ပျက်စီးကုန်ပြီလို့လဲ သိရပါတယ်။
တနေ့နေ့တော့ လွိုင်လျန်းကျောင်းကို ကိုယ်တိုင် ရောက်အောင်သွားပြီး လေ့လာဖို့ စဉ်းစားထားပါတယ်။ အဲ့ဒီအခါကျမှပဲ ပိုပြီး စုံလင်အောင် သိရမယ်လို့ မျှော်လင့်မိပါတယ်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
26/2/22