HIVE Myanmar မိသားစုအားလုံး မင်္ဂလာပါ။ Hive Myanmar မှာ ကျွန်မ စာမရေးဖြစ်တာ အချိန်ကာလတစ်ခုအထိ ကြာမြင့်သွားပါပြီ။ Hive Myanmarမှာ စာတွေ မရေးဖြစ်ပေမဲ့ Game Postတွေတော့ မကြာခဏ တင်ဖြစ်ခဲ့ပါတယ်။ Risingstar Gameမှာ အောင်မြင်နိုင်မလား မျှော်လင့်ရင်း ကြိုးစားနေပါတယ်။ Hive Powerတွေလည်း စုဆောင်းနေခဲ့ပါတယ်။
ဒီကနေ့တော့ ဆောင်းငွေ့လေးဝင်လာတာနဲ့ စာရေးချင်စိတ်တွေ ပေါ်လာခဲ့ပါတယ်။ ကျွန်မစိတ်ကလည်း ဒီဇင်ဘာတို့ ဘာတို့ဆို စာတွေ ကဗျာတွေ အလိုလိုရေးရေးမိတက်ပါတယ်။ ဆောင်းကို ကျွန်မက အထူးစိတ်ဝင်စားမိတာကိုး။ ပြီးတော့ သိပ်မအေးတဲ့အချိန် ဆောင်းကာလလေးကို ကျွန်မက မြတ်နိုးပါတယ်။
အထူးသဖြင့် ဆောင်းအဝင် အချိန်ကာလလေးပေါ့ရှင်။ ဆောင်းအဝင်ကာလလေးမှာ ပန်းရနံ့တွေကို ကျွန်မ ခံစားမိတယ်။ စံပယ်ရနံ့၊ ဆိတ်ဖလူးပန်းရနံ့၊ မြတ်လေးပန်းရနံ့၊ ဇီဇဝါရနံ့ ပန်းတွေကို စုံလို့ပေါ့ရှင်။ အထူးသဖြင့် ဆိတ်ဖလူးပန်းရနံ့က ဆောင်းနဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်မတော့ ခံစားမိပါတယ်။ ဆိတ်ဖလူးပန်းတွေ ပျံ့ကျဲနေတဲ့ မြင်ကွင်းဟာ ဆောင်းတွင်းနဲ့ အင်မတန်လိုက်ဖက်တဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။
ဆောင်းအဝင်လေးမှာ အေးမြမြရာသီဥတုလေးက လူ့စိတ်ကို ပြောင်းလဲလာစေပါတယ်။ ပူအိုက်စိုစွတ်တဲ့ မိုးရာသီကနေ တဖြည်းဖြည်း အေးတဲ့ ရာသီလေးဖြစ်လာတော့ လူတွေ အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့ မခံစားရတော့ဘူးပေါ့။ ဘဝ အမောတွေ တခဏတော့ ပြေပျောက်စေပါတယ်။ Hive Myanmar မိသားစုတွေကော ကျွန်မလို ဆောင်းဦးရာသီကို ချစ်ကြလား ပြောပေးသွားပါအုံး။ အားလုံးကျန်းမာကြပါစေ။