အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
Hive Myanmar မှာ ပို့စ်ရေးမတင်ဖြစ်ခဲ့တာ ၅ လကျော်လောက်ရှိပြီ။ တွေးစရာတွေများလွန်းတဲ့ကာလဖြစ်တော့ မတွေးရတဲ့စာတွေကို အလွယ်တကူရေး ထရန်စလိတ်အားကိုးအင်းဂလိပ်လို အခြားကွန်မြူနတီတွေမှာပဲ ပို့စ်တင်ဖြစ်ခဲ့တယ်။ ခုနောက်ပ်ုင်း ဘာစာမှမရေးဖြစ်တဲ့ရက်တွေ ပို့စ်မတင်နိုင်တဲ့ရက်တွေကများပါတယ်။ ခုတော့ စိတ်ကူးပေါက်လို့ရေးတင်မိတယ်။ မှားမှန်းသိနေရက်နဲ့ မပြုပြင် မပြောင်းလဲပဲ နေထိုင်တတ်တဲ့ ကျုပ်တို့ဗမာတွေရဲ့ အံ့ဩစရာအကျင့်တွေထဲက ဗုဒ္ဓဘာသာဝင်တိုင်း ပြုလုပ်တဲ့ ရှင်ပြု နားသ အလှူတော်မင်္ဂလာအကြောင်း နည်းနည်းတော့ရေးမယ်။
သားရှင်ပြု သမီးနားသ အလှူတော်မင်္ဂလာကို ဗုဒ္ဓဘာသာဝင် မိဘတိုင်းက ပြုလုပ်ကျင်းပချင်ကြတယ်။ အဓိကအနေနဲ့က သားယောက်ျားလေးမွေးထားတဲ့မိဘတိုင်းရဲ့ ရည်ရွယ်ချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သားယောက်ျားလေးကို ရှင်သာမဏေအဖြစ် သွတ်သွင်းပြီး သာသနာ့အမွေခံယူကြတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမယ့်လည်း သီလ နဲ့ ဒါနကို ရောထွေးပြီး အိတ်သွန်ဖာမှောက် ကြွေးတင် ကျွန်ဖြစ်လောက်သည်အထိ ဂုဏ်ပကာသနတွေနဲ့ ပြုလုပ်နေကြပါတယ်။ အဓိကဖြစ်တဲ့ ရှင်သာမဏေပြုပေးတဲ့အခမ်းအနားကတော့ မျက်နှာငယ်လောက်တဲ့ လှူဖွယ်ပစ္စည်းနဲ့ပဲ ပြီးသွားကြတာများပါတယ်။
ကျွန်တော်နားလည်ထားတာက မိမိတို့ရဲ့ သားရတနာကို ရှင်ပြုပေးတယ်ဆိုတာ ရှင်သာမဏေတို့ရဲ့ စောင့်ထိမ်းရမယ့် သီလကျင့်ဝတ်တွေကို လိုက်နာစောင့်ထိမ်းစေခြင်းဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့်ဆိုရင် သီလဆောက်တည်စေပြီး သီလသာသနာတော်ကို အထောက်အပံ့ဖြစ်စေခြင်းဖြစ်ပါလိမ့်မယ်။ လူအများကို လှူဒါန်းကျွေးမွေးတာက ဒါနကုသိုလ်ယူခြင်းဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဒါနသာသနာကို အထောက်အပံ့ဖြစ်စေခြင်းသာဖြစ်ပါလိမ့်မယ်။ မိတ်ဆွေတို့အနေနဲ့ သီလ နဲ့ ဒါန ဘယ်အရာက ပိုပြီးတန်ဖိုးကြီးမြင့်မြတ်တယ်လို့ ယူဆပါသလဲ? ရေးရရင် အများကြီးကျန်နေပါသေးတယ်။
ရှေးက ဆရာတော်ကြီးများကလည်း ဆုံးမခဲ့ဖူးသလို ယနေ့ခေတ် ဆရာတော်ကြီးများကလည်း ဆုံးမနေရဆဲပါပဲ။ ပကာသနအလှူတွေများပြားနေကြပြီလို့ ယူဆမိပါတယ်။ ပြုပြင်သင့်တဲ့အရာတွေကို ပြုပြင်ချင်တဲ့စိတ်ရှိမှဖြစ်မယ်လို့ထင်ပါတယ်။ ပြုပြင်စရာတွေက ကျွန်တော်တို့နိုင်ငံမှာ များလွန်းနေပေမယ့် မပြုမပြင် နဂိုအတိုင်းပဲ ဆက်လက်ကျင့်သုံးနေကြဆဲပါပဲ။ ပြုပြင်ဖို့စိတ်ကူးပင်ရှိပုံမရကြတာကို ယနေ့ခေတ်အလှူတော်မင်္ဂလာအခမ်းအနားတွေကို ကြည့်ရတာနဲ့တင် သိနိုင်ပါတယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -