ဒီရက်ပိုင်းတော့ လေးလံမှုများ အနည်းငယ်တော့ လျော့သွားခဲ့ပြီ။ လေးလံမှု ဆိုတာထက် တာဝန်ဟု ပြောရမည် ထင်၏။ ကျနော်တို့ Futsal အသင်းလေး၏ ၇ နှစ်ပြည့် မွေးနေ့နှင့် အမှတ်တရ ဖလား ပြိုင်ပွဲလေး လုပ်ဖို့ ရှိ၏။ ထိုပွဲအတွက် တလလောက် လိုကတည်းက ဖြည်းဖြည်းချင်း ကြိုတင်ပြင်ဆင် တိုင်ပင် ခဲ့ကြ၏။ ပြိုင်ပွဲချိန်တွေကိုလည်း တမင် အချိန်သက်သက် သတ်မှတ်တာအစား ကန်နေကြ အချိန်လေးတွေမှာပဲ ကစားကြဖို့ လုပ်ထား၏။ အသင်း၏ မွေးနေ့ရက်မှသာ ဗိုလ်လုပွဲကို ကစားမယ်ပေါ့။
ကြိုတင် ပြင်ဆင် သတ်မှတ်ထားသည့် အတိုင်း ယှဉ်ပြိုင် ကစား ဖြစ်ခဲ့ကြ၏။ ဗိုလ်လုပွဲကို အချိန်စောပြီး ကျင်းပချင်ပေမယ့် အချိန် အဆင်မပြေကြသူတွေ များသဖြင့် ညနေ ၆ နာရီခွဲမှသာ ကစားဖြစ်၏။ တတိယလုပွဲကတော့ ညနေ ၅ နာရီခွဲပေါ့။ ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲပါ ကျင်းပ၏။ ပျော်ပွဲ ရွှင်ပွဲ အတွက်ကတော့ အချိန် မလောက်တော့ပေ။ နောက်ရက် (ဒီနေ့) မှပေါ့။ မနေ့က အသင်း ဖွဲ့စည်းတာ ၇ နှစ်ပြည့်သည့် နေ့ဖြစ်၏။
ကျနော့် အသင်းခွဲကတော့ တတိယလုပွဲသာ ကစားခဲ့ရ၏။ တတိယ မရ၊ စတုတ္ထသာ ရ၏။ ဘာဆုပဲ ရရ၊ မရရ အဓိကက ပျော်ရဖို့ပင်။ မနေ့က အားလုံးပျော်တာမြင်တော့ ဝမ်းသာပီတိ ဖြစ်ရ၏။ စိတ်မောခဲ့ ပင်ပန်းခဲ့ရပေမယ့် အသင်းသား သူငယ်ချင်းတွေ၏ အပြုံးတွေကို မြင်ရတော့ စိတ်လက်ပေါ့ပါး လန်းဆန်းရပါ၏။
တာဝန်ယူထားသည့် ကိစ္စရပ် တခု ပြီးသွားခဲ့ပြီမို့ လူလည်း စိတ်တို့ ပေါ့သွားခဲ့ပြီ။ အဆင်ပြေပြေမှ ဖြစ်ပါ့မလား ဆိုသည့် မတက်မကျ စိတ်တို့လည်း ခုတော့ ဘဝင်ကျသွားခဲ့ပြီ ဖြစ်၏။ အသင်း ၇ နှစ်ပြည့်ပွဲတင်ဆိုရင်တော့ ခုလောက်ထိ မဖြစ်ပေ။ အသင်းဖလားပွဲ မတိုင်ခင်မှာ ပြိုင်ပွဲတခု ဝင်ရောက် ယှဉ်ပြိုင် ဖြစ်သေးတော့ ထိုပွဲ အပြီး အသင်းဖလားပွဲပါ ဆက်သွားသဖြင့် ပိုမို ပင်ပန်းသွားရခြင်း ဖြစ်၏။
မည်သို့ပင် ဆိုစေ ခုလို အဆင်ပြေပြေနှင့် ကျင်းပ ပြီးစီးသွားလို့ ပျော်ရပါ၏။ နောက်နှစ် အသင်းဖလားပွဲမှာ ပြန်လည် တွေ့ဆုံကြပါဦးမည်။