ခေတ်စနစ်ဆိုး၏ ဒဏ်ကို တနိုင်ငံလုံး ခံရ၏။ အခံရဆုံးက လူငယ်တွေ ဖြစ်၏။ ဘဝ ရှေ့ရေး အတွက် လမ်းရှိပြီးသားလူတွေလည်း ဘယ်လို ဆက်လျှောက်လှမ်းရမယ်မှန်း မသိ ဖြစ်ကြရ၏။ လမ်း မရှိသေးသူတွေကတော့ ပိုဆိုးပေါ့။ လူငယ်တွေကြောင့် စစ် မဖြစ်ပေ။ လူကြီးတွေကြောင့်သာ ဖြစ်၏။ ကျနော်တို့ ဆီမှာတော့ လူကြီးတွေကိုမှ အာဏာရူးသူ လူတစုကြောင့် စစ်ဖြစ်ရ၏။ နိုင်ငံ မတည်မငြိမ် ဖြစ်ရ၏။ ပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည် ဖြစ်ရ၏။ ရင်နာ စရာပင်။
ရှေ့ကို လှမ်းဖို့ ပြင်နေသည့် ခြေလှမ်းများ နောက်သို့ ဆွဲချခံရ၏။ ပြည်သူများ စုပေါင်းပြီး ကြိုးစားတည်ဆောက်ခဲ့သည့် အရာများကို အာဏာရူးသူ လူတစုက ခဏလေးနဲ့ ဖျက်ဆီး ပစ်လိုက်ကြ၏။ အသိဉာဏ် ရှိဆုံး သတ္တဝါတွေမို့ ယုတ်မာ ရက်စက်ရင်လည်း ကမ်းကုန်ပင် မလား။ ဒင်းတို့က ထိုသို့သော သူမျိုးတွေ ဖြစ်၏။ သူတည်း တယောက် ကောင်းဖို့ သူတယောက် က ပျက်စီးပေးရသည်တဲ့လား။ ခုက လူ နည်းစု အတွက် လူအများ ဒုက္ခရောက် ပျက်စီး ကြရ၏။
အသက် ၃၀ ကျော်လာခဲ့ပြီးမှ ၁၀ ကျော်သက် အချိန်ကို ပြန်ရောက်သွားရ၏။ ငယ်ရွယ် နုပျိုချိန်တုန်းကလို လန်းဆန်း တက်ကြွနေတယ်လို့ ဆိုလိုခြင်း မဟုတ်ပေ။ ခေတ် နောက်ပြန်သွားခြင်းကို ပြောခြင်း ဖြစ်၏။ ဥပမာ လျှပ်စစ်မီးကိုပဲ ကြည့်။ ကျနော်တို့ ငယ်ငယ်တုန်းကလို အချိန်နဲ့သာ လာတော့၏။ ဒါတောင် အချိန်မှန် မလာပေ။ ပေးရမယ့် အချိန်လည်း မပေး၊ မပေးရမယ့် အချိန်လည်း မပေးပေ။ ညရေး ညတာ ဖယောင်းတိုင်မီးကိုသာ အားပြုခဲ့ရ၏။ ခုလို အားသွင်းထားပြီး အသုံးပြုလို့ရသည့် မီး၊ ဆိုလာမီး အစရှိသဖြင့် ရှိမှ မရှိသေးဘဲကိုး။ မီးစက်ရှိသည့် အိမ်၊ အင်ဗာတာ ရှိသည့် အိမ်ဆိုတာ ရက်ကွက်ထဲ လက်ချိုးရေလို့ရ၏။
IT ခေတ်ကြီးမှာ ကျောက်ခေတ်ကို ပြန်သွားနေရသည့် အလားပင်။ ရုပ်ရှင်တွေထဲကို ငါတို့ဟာ အချိန်ခရီးသွားတွေလားပေါ့။ မတူတာက ကျနော်တို့တွေက မကောင်းသည့် အချိန်ကာလတွေကို ပြန်သွားနေရခြင်း ဖြစ်၏။ အတော်ဆိုးလှ၏။ ကိုယ့်တုန်းက အခြေအနေမျိုး ခု ကိုယ့် မျိုးဆက်သစ် တူ၊ တူမလေးတွေ ကြုံနေရတော့ စိတ်မကောင်း ဖြစ်မိ၏။ တခု ခံသာနေတာက Internet လေး ရှိနေ ၊ အသုံး တွင်ကျယ်လာတာလေးက သူတို့၏ အတွေးအမြင်ကို အကျိုး ရှိစေ၏။ ကျနော်တို့ထက် ပိုသာလာနိုင်သည့် အချက် ဖြစ်၏။ (လောလောဆယ်တော့ Internet line တွေ မကောင်းပေ။ မီးကလည်း မမှန်ဘူး မလား)
ကောင်းတာတွေပဲ သာစေချင်ပြီး မကောင်းတာတွေတော့ မပို စေချင်ပေ။ ကိုယ်တွေ တွေ့ကြုံခဲ့ရသည့် ဒုက္ခ အခက်အခဲမျိုး သူတို့ကို ထပ်မကြုံစေချင်တော့။ တကယ် ခက်ခဲ မှောင်မိုက် တဲ့ နေ့ရက်တွေမလား။ အမှောင်နေ့ရက်တွေက လွန်မြောက်ဖို့ ကိုယ်တိုင် အလင်းကိုရှာ ထွန်းတောက် နိုင်ဖို့ လို၏။
ကျနော်တို့ ခြံဝိုင်းထဲမှာ အိမ် နှစ်လုံး ရှိ၏။ အမေ့ အိမ်နဲ့ ဦးလေးအိမ်။ ဦးလေးတို့ အိမ်မှာ ဦးလေးတို့ လင်မယားရယ်၊ ကျနော့် ညီမ ဝမ်းကွဲတွေရယ်၊ ကျနော့် တူ တူမလေး ဝမ်းကွဲတွေရယ် နေကြ၏။ ကလေးတွေ များ၏။ အငယ်ဆုံး တူမလေးဝမ်းကွဲက ၂ နှစ် ကျော်ကျော်လားပဲ ရှိသေး၏။ စကား တော်တော် ပြောတတ်နေပြီ။ အချို့ စကားလုံးတွေ ဆိုရင် တော်တော်ပီနေပြီ။ တရက်သား မီးပျက်တော့ မီးပျက်ပြီ တဲ့ တကယ်ကို ပီပီသသကြီး ထပြောလေ၏။ မီးကို အချိန်နဲ့ရသည့် မျိုးဆက် ဒီမျိုးဆက် နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်မိ၏။ နောက်နောင် ထပ်မံ၍ ခုလိုမျိုး ဘယ်သူ့ကိုမှ မကြုံဆုံ စေချင်တော့ပေ။