နေလို့ သိပ်မကောင်းပေ။ သုံးရက်လောက် ရှိပြီ။ ဖျားချင်သလို ဖြစ်နေ၏။ နှာစေး ချောင်းဆိုး ဖြစ်နေ၏။ အအေးမိသွားတာ ထင်ပါရဲ့။ အအေးမိတာရယ်၊ အိပ်ရေး ပျက်တာရယ် ပေါင်းသွားခဲ့သည် ထင်ပါ၏။ ရှေ့ရက်တွေ အမနေမကောင်း သဖြင့် သူ့အစား မနက် အစောထပြီး ဆွမ်းထလောင်းပေးရ၏။ မနက် အစောက ထနေကြ မဟုတ်ပေ။ ပြီး အေးက အေးနဲ့ ဆိုတော့ အအေးပတ်သွားတာ နေမယ်။ ညကိုက သန်းခေါင်ကျော်မှ အိပ်ပြီး မနက် အစောထတော့ အိပ်ရေးပျက်တာလည်း ပါမည်။ အဲ့မှာ နှစ်ခု ရောပေါင်းပြီး ဖျားချင်သလို ဖြစ်သွားပါလေရော။
မနေ့က ပိုဆိုးလာခဲ့ရာမှ ဒီနေ့ပါ မသက်သာသေးပေ။ ဆေးခန်းသွားလိုက်ရင်တော့ သက်သာမည်ထင်။ သို့ပေမယ့် ပြိုင်ပွဲက ရှိနေသေးပြန်တော့ ဆေးခန်းလည်း သွားမရ ပြန်သေးပေ။ ခက်တော့ နေပြီ။ Futsal ကန်ပြီးရင် ရေကလည်း ချိုးလိုက်သေးတော့ အဲ့ဒါပါ ပေါင်းသွားခဲ့သည် ထင်ပါ၏။ အမှန်တော့ ရေက Futsal ကစားပြီးတိုင်း ချိုးနေကြ ဖြစ်၏။ အအေးပတ်တာရယ် အိပ်ရေးပျက်တာတွေရယ်ပါ ပေါင်းကုန်တော့ ညဘက် ရေချိုးသည့် အကြောင်းကလည်း ထပ်လောင်း ထောက်ပံ့ပေးသည့် အကြောင်းအရာ ဖြစ်သွားစေခဲ့သည် ထင်ပါ၏။
ဆေးတွေသောက်ပြီး အနားတော့ ယူထား၏။ အထိုက်အလျောက်တော့ သက်သာနေပြီ ဖြစ်၏။ ပွဲကလည်း ကစားရဦးမည်ကိုး။ Performance အပြည့် မရတောင် အကောင်းဆုံးတော့ ကြိုးစားမှ ရပေလိမ့်မည်။ ရှေ့တပွဲက ရှုံးထားတော့ ယခုပွဲက အရေးကြီးလှပေ၏။ အရေးအကြောင်းနဲ့ပါဆိုမှ လူက ဖျားချင်ချင် ဖြစ်နေတော့ ဆိုးလှ၏။ လုံးဝကြီး အိပ်ရာထဲ မခွေနေရတာကိုပဲ ကျေးဇူးတင်ရမည်။ ရသလောက်တော့ ကြိုးစားရုံပေါ့။
ဒီနေ့ ပြီးရင် စနေနေ့မှာ အုပ်စု နောက်ဆုံးပွဲ ကစားရမည် ဖြစ်၏။ ဒီနေ့ပွဲ ရလဒ်က အုပ်စု နောက်ဆုံးပွဲအပေါ်မှာ သက်ရောက်မှု ရှိမည် ဖြစ်၏။ သေချာတာက ဒီနေ့ပွဲကို ကျနော်တို့ အနိုင်ကစားထားဖို့ လိုမည် ဖြစ်၏။