မိုးရေ တော်ပါတော့

in #hive-12213318 days ago

ယာဂိ (ဂီ) မုန်တိုင်း လုပ်တာ သဘာဝဘေးဒဏ်တွေ အတော်လေး ခံလိုက်ရ၏။ ခုထိ နလံမထူနိုင်သေး။ ကူညီ ကယ်ဆယ်ရေးတွေ ပြီးသလောက် ရှိပြီဟု ပြောလို့ရနိုင်ပေမေယ့် ပြန်လည်ထူထောင်ရေးတွေကတော့ ခုမှ စလုံးရေစ တုန်း ရှိသေး၏။ ဒုက္ခပေါ် ဒုက္ခ ဆင့်သည့် အဖြစ်ပင်။ စစ်ဘေးရှောင် လာရင်း ရေဘေးနဲ့ ထပ်ကြုံရသူတွေအဖို့ ကံဆိုးမှု ကံစမ်းမဲ ပေါက်သည်ဟုပင် ပြောရပေလိမ့်မည်။ ခုထိ Internet line တွေ အရင်လို မကောင်းသေးပေ။ ရလိုက် မရလိုက်၊ ကောင်းလိုက် မကောင်းလိုက်နဲ့ပင်။

Internet line မကောင်းတော့ Hive မှာလည်း ပိုစ့် မတင် ဖြစ်ပေ။ တချို့အကျင့်တွေက မွေးရခက်သလို ဖျောက်ရလည်း ခက်၏။ ဟိုယခင်က တရက်မှ တပိုစ့် မတင်ရရင် လူက နေမထိ ထိုင်မသာနဲ့။ Internet တွေ မရ၊ ပိုစ့်လည်း တင်မရနေလို့ စာတော့ တရက်တပိုစ့် ရေးထားမယ်ကွဟု တွေးထားပေမယ့် ရက်အနည်းငယ်လောက်သာ ရေးဖြစ်၏။ အခြားသော အကြောင်း ကိစ္စ ပေါ်လာတာလည်း ပါ၏။

ရက်တော်တော်ကြာ စာ မရေးဖြစ်တော့ ရေးချင်စိတ်က အလိုလိုလျော့နည်းသွားခဲ့၏။ တော်တော်လေး အရှိန် ပြန်ယူနေရ၏။ မနေ့ကဆို ပိုစ့်တောင် မတင်ဖြစ်လိုက်ပေ။ ပြီးခဲ့သော လတွေတုန်းက ကြိုရေးထားသည့် စာတွေ ရှိပေမယ့် series ပုံစံလို ဖြစ်နေတော့ တင်လို့ အဆင်မပြေလောက်ဟု ထင်မိပြန်၏။ ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေခြင်း ဖြစ်၏။ ရယ်လည်း ရယ်ရသား။

Hive ဈေးကလည်း 0.2$ ပတ်ခြာလည်မှာပင် တဝဲလည်လည် ဖြစ်နေ၏။ ကျနော် သတိထားမိသလောက် Hive က ကျပြီးရင် ပြန်တက်ဖို့ အတော်ကြာလေ့ ရှိ၏။ BTC တက်လည်း သူ မတက်၊ BTC ကျပြန်တော့ သူပါ လိုက်ကျ၏။ ဘယ်လိုကြီးလဲ။ ဒီကြားထဲ အီရန် - အစ္စရေး ကိစ္စက ထပ်ဖြစ်တော့ Crypto Market ကြီးကို နီရဲလို့။ ဒီအတိုင်းဆို Hive ဈေး ပြန်တက်ဖို့ ကြာဦးမည်ထင်။ ဈေးကျချိန် power စုလို့ ကောင်းသည် ဆိုပေမယ့် ကိုယ့်မှာက ဝယ်မထည့်နိုင်၊ ရေးရင်းနဲ့သာ စုနိုင်၏။ ဒါတောင် ပိုစ့် မှန်မှန်က မတင်ဖြစ်နေပေ။

ဒီရက်ပိုင်း မိုးပြန်ရွာနေ၏။ ဒီတကြိမ်က လေပါ ပါ၏။ မိုးရယ် ထပ်ပြီး မရွာပါနဲ့တော့ဟု တောင်းပန်ရမည်ထင်။ အချို့နေရာတွေက ခုမှ ရေပြန်ကျ ပြီးခါစမလား။ တချို့နေရာဆို ခုထိ ရေမကျသေးတာတောင် ရှိ၏။ မိုးများ ပြန်ကောင်းလို့ကတော့ နောက်တကြိမ် ရေထပ်ကြီးလာနိုင်သည့် အန္တာရယ်‌လည်း ရှိနေ၏။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းသည်မို့ ဒီတကြိမ်တော့ အသိ၊ သတိနဲ့ ယှဉ်တွဲဖို့ လိုမည်။

အာဏာရှင်ဘေး အပြင် ဘဘာဝဘေးဒဏ်မှာ ခံနေရသည့် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေအဖို့ ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့်ပါလိမ့်ဗျာ။