မနေ့က တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်၏။ သူခိုးကြီးများညဟု ဆိုကြသလို၊ ပံ့သကူ ပစ် (လှူ) သည့်ည ဟုလည်း ဆိုကြလေ၏။ မြို့ဘက်တွေမှာတော့ သူခိုးကြီးည ဆိုပြီး ဆင်နွှဲကြတာမျိုး မတွေ့ရပေ။ တောရွာဘက်တွေမှာတော့ ထိုဓလေ့ ကျန်ဦးမည်ထင်။ သူခိုးကြီးည ဆိုပေမယ့် တန်ဖိုးကြီးကြီးမားမား ခိုးယူခြင်းမျိုး မဟုတ်ပေ။ ဒီအတိုင်း အပျော် စနောက်သည့် သဘောမျိုး လောက်သာ။ ကြက်ကာလသားချက် ဖို့ ကြက်နဲ့ ဗူးသီး ခိုးယူတာ မျိုးလောက်ပေါ့။
ကြက်သားနဲ့ ဗူးသီးက ယခင်ခေတ် အနေအထားနဲ့ဆို ပြောစရာ မဖြစ်ပေမယ့် ယနေ့ခေတ် ကုန်ဈေးနှုန်းအရ စနောက်လို့ ကောင်းသည့် အရာတော့ မဟုတ်တော့ပေ။ အလုံးက အရာရာမှာ ခက်ခဲနေကြသည် မဟုတ်လား။ မြန်မာ့ ငွေဈေးကျပြီး ကုန်ဈေးနှုန်း တက်သွားပုံများ ဟင် ဟယ် လို့ အသံပင် မထွက်နိုင်တော့ပေ။
ပံ့သကူကတော့ ဒီဘက်ခေတ်မှာ အတော်လေး အသံကျယ်လာခဲ့၏။ ကောင်းတာလည်း ပါသလို ဆိုးတာလည်း ပါ၏။ အဆိုးဘက်တော့ ပိုများမည်ထင်။ ပိုမိုပြီး ကြပ်တည်းလာကြတာကြောင့်လည်း ပါမည်။ ဘာပဲ ပြောပြော မြင်ရ တွေ့ရတာက အဆင် မပြေတာတော့ အမှန်ပင်။
ပံ့သကူ၏ သဘော သဘာဝနဲ့ အကျယ်ကို နားမလည်ပေမယ့် ယနေ့ခေတ် ပံ့သကူက အတော်လေးလွဲ၊ ကွဲပြားနေသည်ဟု ထင်မြင်မိ၏။ မသိအောင် ထားခဲ့ ပစ်ခဲ့တာမျိုး မဟုတ်ဘဲ သိအောင် ပစ်တာမျိုးတွေ အော်ပြီး တောင်းကြတာမျိုးတွေနဲ့ အင်မတန်မှကို အရုပ်ဆိုးလှပေ၏။ ကားလမ်းမပေါ်မှာ ပြေးလွှာ အော်ဟစ် နေကြတာမျိုးဆိုတော့ ထိမိခိုက်မိမှာကိုလည်း စိတ်ပူရပြန်သေး၏။
ကောင်းသည့် အကျင့်ကို မွေးလို့၊ မကောင်းသည့် အကျင့်ကို ပြင်ကြရမည် မဟုတ်လား။ ဓလေ့ကောင်းလေး တခုကို မိမိတို့ လက်ထက်ရောက်မှ တလွဲ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ပေ၏။