Manchester မြို့မှာ ခုဆို အရောင် နှစ်မျိုး ဖြစ်နေမယ် ထင်ပါရဲ့။ United fan တွေ ပျော်ပြီး City fan တွေကတော့ စိတ်ညစ်နေကြရမှာ အသေအချာ ပါပဲ။ ခါးသီးတဲ့ မြို့ခံ ပြိုင်ဘက်တွေ ဆိုပေမယ့် ခုလို အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ City fan တွေကို ကိုယ်ချင်းစာ မိပါတယ်။ ကိုယ်တွေတုန်းကလည်း အလူးအလဲ ခံခဲ့ရတာကိုး။
Sir Alex အလွန် ဘယ်နည်းပြ လက်ထက်မှာမှ United ဟာ အခြေအနေတခု တန်းတခုမှာ မရှိနေခဲ့ပါဘူး။ နည်းပြ အများစုက ကာလ တခုစာလောက်ပဲ စွမ်းဆောင်ပြခဲ့ပြီး ကျန် အချိန်ကတော့ ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားကြတာချည်းပါပဲ။ ခုလည်း Amorim က လုပ်ပြနေတယ် ဆိုပေမယ့် အစပိုင်းမလို့လားဆိုတဲ့ သံသယတွေနဲ့ ကျနော်တို့မှာ အပြည့်အဝ မပျော်ရဲ၊ မပျော်နိုင်သေးပါဘူး။ ရှေ့နည်းပြတွေ တုန်းကလည်း ကြုံခဲ့ရ ပြီးပြီကိုး။
ဒါပေမယ့် ခုထိတော့ Amorim က အပြောထက်စာရင် အလုပ်နဲ့ သက်သေပြနေတာမို့ ဒီတကြိမ် ဒီတယောက်ကတော့ စိတ်ချရပြီ ထင်ပါရဲ့။ သူ ကိုယ်တိုင်ကလည်း United အတွက် ကျနော်ဟာ အသင့်တော်ဆုံးလို့ ဆိုထားလေတော့ အချိန်မှန် လူမှန် နေရာမှန်များ ဖြစ်လာလေပြီလားလို့ မရဲတရဲလေး ကောက်ချက်ချနေမိပါတယ်။
မနေ့ညက Everton နဲ့ ပွဲစဉ်မှာတော့ 4-0 ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ယူထားပါတယ်။ ခုထိတော့ အသင်းငယ်တွေနဲ့ပဲ ရင်ဆိုင်ထားရသေးတယ် ပြောလို့ရပါတယ်။ Amorim ကို အရေအချင်းစစ်မယ့်ပွဲက လာမယ့် EPL ပွဲလို့ ဆိုရမယ် ထင်ပါရဲ့။ EPL Round 14 အဖြစ် Arsenal နဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
မနေ့က Everton ကို ဂိုးပြတ် နိုင်ခဲ့လို့ United တို့ ရမှတ် 19 မှတ်နဲ့ အဆင့် 9 နေရာကို တက်လာခဲ့ပါတယ်။ မနေ့က Liverpool ကို ရှုံးခဲ့တဲ့ City ကတော့ ရမှတ် 23 မှတ်နဲ့ အဆင့် 5 နေရာကို ရောက်သွားခဲ့ပါပြီ။ Manchester ညီနောင်တွေ အခြေအနေ မကောင်းနေဘူးလို့ ဆိုပါလိမ့်မယ်။
United ကတော့ နည်းနည်းလေး လမ်းမှန်ပေါ် ပြန်ရောက်လာနေပြီလို့ ဆိုရပါလိမ့်မယ်။ City တို့ အနေနဲ့ကတော့ 7 ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပါပြီ။ 6 ပွဲရှုံး 1 ပွဲသာ သရေကျထားပါတယ်။ 2007 နောက်ပိုင်း EPL မှာ 4 ပွဲဆက် တခါမှ မရှုံးဖူးခဲ့တဲ့ City တို့ အတွက်ကတော့ တကယ်ကို နာကျင် ရပါတယ်။