ဒီတပတ်မှာတော့ EPL Week 10 ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ဒီနေ့ စနေနေ့မှာတော့ EPL ပွဲစဉ် 6 ပွဲ ကစားသွားဖို့ ရှိနေ၏။ မြန်မာစံတော်ချိန် ည 7 နာရီမှာတော့ New Castle vs Arsenal တို့၏ ပွဲစဉ် ရှိမည်။ ထို့ပြင် Man City နှင့် Liverpool တို့၏ ပွဲစဉ်လည်း ရှိနေ၏။ Man City က Bournemouth နဲ့ အဝေးကွင်း၊ Liverpool က Brighton ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ မနက်ဖြန်မှာတော့ ဒီတပတ်ရဲ့ ပွဲကြီး ပွဲကောင်းလို့ ပြောလို့ရမည့် Man United vs Chelsea တို့၏ ပွဲစဉ် ကစားမည် ဖြစ်၏။
Week 9 မှာ Arsenal vs Liverpool ပွဲစဉ် တဖက် 2 ဂိုးစီဖြင့် သရေကျခဲ့သောကြောင့် Liverpool တို့ အနေနဲ့ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို Man City ထံသို့ ပြောင်းပေးလိုက်ရ၏။ Man City က တမှတ်အသာ 23 မှတ်ဖြင့် ဦးဆောင်ထား၏။ သူ့နောက်မှာတော့ Liverpool, Arsenal, Aston Villa, Chelsea တို့က 22, 18, 18, 17 မှတ်ဖြင့် အဆင့် 2, 3, 4, 5 မှာ ရပ်တည်နေကြ၏။ Week 10 လောက်ပဲ ရောက်သေးသည်မို့ အမှတ်ကွာဟချက် ကြီးကြီးမားမား မရှိသေးပေ။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ် ရှိကြတာလည်း ပါမည်။
Man United အနေနဲ့က Chelsea ကို နည်းပြသစ် Amorim နဲ့ မဟုတ်ဘဲ ယာယီ နည်းပြ Ruud နဲ့သာ ရင်ဆိုင် ယှဉ်ပြိုင်မည် ဖြစ်၏။ ကြားရက် EFL ပွဲစဉ်မှာ နိုင်ပွဲ ရယူထားပေးသည့် Ruud တယောက် ခု Chelsea နဲ့ EPL ပွဲစဉ်မှာကော ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်မိ၏။
Saudi Arabia Pro League ဘက် လှည့်ရရင် ဒီနေ့ မနက် 12 နာရီခွဲမှာ Ronaldo ၏ Al Nassr နှင့် Al Hilal တို့ ယှဉ်ပြိုင်ကစားကြ၏။ တဖက် 1 ဂိုးစီ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့၏။ Saudi Pro League မှာတော့ Al Nassr တို့ Al Hilal ကို 2021, December ပွဲစဉ်မှာ အနိုင်ရထားခဲ့ပြီးနောက် ခုချိန်ထိ အနိုင် ပြန်ယူနိုင်ခဲ့ခြင်းမျိုး မရှိသေးပေ။ ဒီနှစ် အပိုင်းအခြားမှာ ကျင်းပခဲ့သည့် လိဂ်ဖလား၊ ဘုရင့်ဖလား ပွဲစဉ်တွေမှာတော့ Al Nassr တို့ ပြန်လည် အနိုင်ရတာမျိုးတွေ ရှိ၏။
Ronaldo အတွက်တော့ စိတ်ကျေနပ်စရာ ရလဒ် မဟုတ်ခဲ့ပေ။ Al Nassr အသင်း ကစားဟန်က လိုအပ်ချက်တွေ ရှိနေသေး၏။ ခုပွဲ သရေကျသွားသဖြင့် Al Hilal တို့ 9 ပွဲ ကစားပြီး 8 ပွဲနိုင်၊ 1 ပွဲ သရေ၊ ရှုံးပွဲ မရှိ 25 မှတ် နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Al Nassr ကတော့ 19 မှတ်နဲ့ အဆင့် 3 နေရာမှာ ရပ်တည်နေ၏။ အဆင့် 1 နဲ့ 6 မှတ်သာ ကွာသည်မို့ လက်ကျန်ပွဲစဉ်တွေကို သေချာလေး ကစားမယ်ဆိုရင် ချန်ပီယံ မျှော်လင့်လို့ ရနေပါသေး၏