Who's our New Boss

in #hive-12213317 days ago

လမ်းခွဲမှုတိုင်းက နာကျင်ရ၏။ သက်ဆိုင်သူတွေ အတွက်ပေါ့။ တချို့ အတွက်တော့ ပျော်စရာ ဖြစ်ရင်လည်း ဖြစ်နေတတ်ပြန်၏။ Ten Hag ကို United ကနေ ထုတ်ပယ်ပြီးနောက်မှာ ဘယ်သူကတော့ မန်နေဂျာ အသစ် ဖြစ်မယ်ဆိုသည့် သတင်းတွေလည်း အမျိုးမျိုး ထွက်ပေါ်လို့လာခဲ့၏။ လောလောဆယ်မှာတော့ လက်ထောက်နည်းပြ Ruud Van Nistelrooy ကိုပဲ ယာယီ နည်းပြ အနေနဲ့ ကိုင်တွယ် စေမှာပဲ ဖြစ်ပါတယ်။ United နည်းပြ အဖြစ် နာမည် ထွက်နေတာကတော့ Sporting အသင်းရဲ့ coach Ruben Amorim ပဲ ဖြစ်ပါတယ်။

တချို့ သတင်းတွေမှာတော့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီလို့လည်း ဆိုကြပါတယ်။ သူ့ကို ခေါ်ယူဖို့ဆိုရင်တော့ Sporting CP အသင်းအား လျော်ကြေးပေးရဖို့ ရှိနေပါတယ်။ United အနေဖြင့် အဆိုပါ လျော်ကြေးကို ပေးချေဖို့လည်း အသင့် ရှိတယ်လို့ ဆိုပါတယ်။ အင်းလေ လိုချင်ရင်တော့ ပေးပေါ့။ Amorim အပြင် နောက်ထပ် သတင်း ထွက်နေတဲ့ နည်းပြက Julian Nagelsmann ပဲ ဖြစ်ပါတယ်။ 2 ယောက်လုံးက အသက် 40 အောက် လူငယ် နည်းပြတွေပဲ ဖြစ်ပါတယ်။ သူတို့ ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို အောင်မြင်မှု အတိုင်းအတာ တခုထိရအောင် လုပ်ဆောင် ထားပေးခဲ့သူတွေပဲ ဖြစ်ပါတယ်။

ကျနော့် တကိုယ်တော် အမြင်အရတော့ လက်ရှိ လက်ထောက် နည်းပြ Nistelrooy ကိုပဲ နည်းပြ ခန့်လိုက်ရင် ကောင်းမယ်လို့ မြင်မိပါတယ်။ အသက်က 48 နှစ်၊ လက်ရှိ နာမည်ထွက်နေတဲ့ နည်းပြ 2 ‌ယောက်ထက် အသက်အားဖြင့် ပိုကြီးမယ်၊ ပိုရင့်ကျက်မယ်။ ပြီး United ကစားသမားဟောင်းလည်း ဖြစ်တယ်။ Sir Alex လက်ထက်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားမို့ United DNA ကို တဖန်ပြန် အသက်သွင်းဖို့ သူက ပိုသင့်တော်မယ်လို့ ခံစားမိတယ်။

Ruud ကလည်း ခေသူ မဟုတ်ပေ။ PSV အသင်း အတွက် 6 နှစ်တာ ဝေးကွာနေခဲ့တဲ့ ဟော်လန်အမှတ်ပေးဖလားကို အရယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘုတ်အဖွဲ့က ဘယ်လို ဆုံးဖြတ်မယ်တော့ မသိပေ။ ပရိတ်သတ် တယောက်အနေဖြင့် ကိုယ်ဖြစ်ချင်တာလေးကို ပြောကြည့်ခြင်းသာ။ ဘယ်နည်းပြပဲလာလာ အချိန်တော့ ပေးရဦးမည် ထင်ပါ၏။ ဘုတ်အဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းနဲ့ လုပ်ငန်း လမ်းစဉ်တွေသာ မှန်ကန် ကောင်းမွန်မယ်ဆိုရင်တော့ United ၏ ခေတ် ပြန်ရောက်လာနိုင်ပါ၏။ ဒီလိုမှ မဟုတ်ရင်တော့ ဘယ်နည်းပြ လာလာ ယခုလိုကြီးပဲ ဖြစ်နေပေလိမ့်မည်။

(Edit :: Update သတင်းတွေအရ Amorim နဲ့ သဘောတူညီမှု ရသွားပြီဟု ဆို၏။)