ရှောင်နေတဲ့ကြားက တည့်တည့်တိုး

in #hive-1221339 days ago

ကံကောင်းမှုတော့ မသိ၊ ကံဆိုးမှုကတော့ တနေ့က ရောက်လာ၏။ လွန်ခဲ့သော တနင်္ဂနွေနေ့က ဖြစ်၏။ ညဘက် သူငယ်ချင်းတွေနဲ့ အကင် ဘာညာ စားသောက်ပြီး အပြန်မှာ ဖြစ်၏။ သူတို့ကတော့ KTV ဆက်သွားကြ၏။ ကျနော် KTV မကြိုက်ပေ။ ခဏတော့ လိုက်သွားပြီး 15 မိနစ်လောက်နေတော့ ကျနော် အရင် ပြန်ခဲ့၏။ မိုးက ကျနော်တို့ အကင်ဆိုင်ကနေ KTV သွားမလို့ လုပ်ချိန် ကတည်းက ရွာနေ၏။ ကျနော် အိမ်ပြန်ချိန် ရောက်မှ မိုးက တိတ်ဝောာ့၏။ သို့ပေမယ့် လမ်းပေါ်မှာတော့ ရေတွေ ကျန်နေသေး၏။ မိုးက အတော်လေး ရွာလိုက်သည်ကိုး။

ည 9 နာရီခွဲပြီ။ လမ်းပေါ်မှာတော့ ယာဉ်အသွားအလာ နည်းနေ၏။ ယာဉ်ကြောရှင်းနေပေမယ့် ကိုယ့်မောင်းနေကြ အရှိန်နဲ့ပဲ ဖြည်းဖြည်းမှန်မှန် မောင်းလာ၏။ မိုးရေတွေ တင်ကျန်နေသေး သဖြင့် လမ်းချော်နိုင်၏။ ဒီလောက် သတိထားနေရဲ့သားနဲ့ကို ကားတစီးနဲ့ ငြိဖြစ်အောင် ငြိသွားသေး၏။ မှားတာက သူတို့။ လမ်းလယ်ကနေ ရုတ်တရက်ထကွေ့၏။ အချက်ပြမီးလည်း မပြပေ။ ကားရှေ့ခြမ်းနဲ့ ကျနော် ဝင်တိုက်မိ၏။ လူကတော့ ကြီးကြီးမားမား မခိုက်မိပေ။

ရှောင်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မရတော့ပေ။ သူက အနောက်မှာ ယာဉ်ပါလာနေလား၊ မပါလာသလားကို မစစ်ဆေးဘဲ ကွေ့ခြင်း ဖြစ်၏။ ပြီး အချက်ပြ မီးလည်း မပြပေ။ ဘရိတ်အုပ်ပေမယ့် မရတော့ပေ။ မိုးရေကြောင့် ချော်နေတာလည်း ပါ၏။ ဆိုင်ကယ် ဒူးကာ အပြင်ခြမ်းတော့ 2 နေရာ ကွဲသွား၏။ ပြီး ခြေနင်းတံလည်း ကောက်သွား၏။ လူကတော့ ကြီးကြီးမားမား မခိုက်မိပေ။ ခြေထောက် နည်းနည်း နာသွားတာလောက်ပဲ ရှိ၏။

ပြောကြ ရှင်းကြပေါ့။ ကားပေါ်မှာ မောင်းသူအပြင် နောက်တယောက်ပါသေး၏။ မြို့ခံ မဟုတ် ခရီးသွားတွေ ဖြစ်၏။ လုပ်ငန်းရှင်တွေ ဖြစ်လောက်၏။ မှားတာက သူတို့၊ ဒါကို ညီလည်း ကိုယ့်ကိုပြင် အကိုလည်း ကိုယ့်ကို ပြင်လိုက်မယ်တွေ ထလုပ်နေ၏။ ကျနော့် နောက်မှာ မောင်းနေသည့် ဆိုင်ကယ်သမား ညီလေး 2 ယောက်ကလည်း ကျနော့်ဘက်ကနေ ဝင်ပြောပေး၏။ အကိုတို့က မှားတာလေ ဘာညာပေါ့။

ဆရာသမားတွေက အင်တင်တင် လုပ်နေကြသေး၏။ နောက်တော့မှ အဖိုးအခ ပေးပါမယ်လုပ်တော့၏။ ဒါတောင် အလုံးစုံ မဟုတ်ပေ။ အစောပိုင်းက တဝက်ဖိုးပဲ ပေးမယ် လုပ်နေတာ။ ခဏနေ ကျနော့် သူငယ်ချင်း 2 ယောက် ထပ်ရောက်လာမှ 3 ပုံ 2 ပုံဖိုးလောက် တိုးပေးလိုက်၏။ စကားတွေလည်း အများကြီး ထပ်မပြောလိုသဖြင့် ဒီလောက်နဲ့ပဲ ရပ်လိုက်၏။ အခြား လိုအပ်တာကိုတော့ ကိုယ့်ကို စိုက်ပြီး ပြင်လိုက်ပါတော့မည်။

ဒါတောင် KTV ရောက်နေသည့် သူငယ်ချင်းတွေကို လှမ်းမခေါ် လိုက်လို့။ သူတို့ကိုသာ လှမ်းခေါ်လိုက်ရင် ပိုပြီး ရှည်ကြာသွားနိုင်၏။ ကိုယ့်ဆရာတွေက ကိုယ့်ထက် ကြမ်း၏။ သူတို့ကို ပြန်ထိန်းနေရတာနဲ့ သူ့ အလွန်ကနေ ကိုယ့်အလွန် ဖြစ်သွားနိုင်၏။ လုံးဝကြီး မဟုတ်ပေမယ့် အထိုက်အလျောက်တော့ အဆင်ပြေသွားပါ၏။ ခုတော့ ဆိုင်ကယ်လည်း ပြင်ပြီးခဲ့ပြီ။ ဒူးကာတော့ အသစ်ပဲ ဝယ်ထည့်လိုက်၏။ ပြင်လက်စနဲ့ အခြား လိုအပ်တာတွေကိုပါ တပါတည်း ပြင်လိုက်၏။

ထိုနေ့ညက အတူပြောကူပေးခဲ့သည့် ညီလေး 2 ယောက်ကိုလည်း ကျေးဇူးတင်ရပါ၏။

Sort:  

အဆင်ပြေသွားလို့ တော်သေးပေါ့။
PIZZA
!MEME