အမှတ်သညာအကြောင်း တနေ့ကရေးတင်သည်။
ကျွန်တော်က အမှတ်သညာ မရှိဘူးဟု ကိုယ့်ကိုကိုယ်
ထင်ကာ ရေးမိသည်။ ရေးပြီးမှ အင်း အမှတ်သညာ
တခုတော့ ငါ့မှာရှိပါသေးလားဟု သတိရသည်။
ထိုအမှတ်သညာက ကိုယ့်ဘဝကြီးနဲ့ ရင်းကာ
ရှိခဲ့ပါရောလား။ အင်း အမှတ်သညာက ကြီးလွန်
တော့လည်း ကိုယ့်တိုင်သတိမထားမိအောင်ပါလေ။
အမှတ်သညာ ဆို၍ တနေ့က ဖတ်ခဲ့သော
မင်းဆွေ၏ ဓါး ဝတ္ထုကို သတိရသည်။ ဝတ္ထု
အစမှာပင် မင်းသားကို မင်းသမီးက ပါးရိုက်
၍ မင်းသားက အမှတ်ထားခဲ့သည်။ ထိုပါးရိုက်
ခံရစဉ်က မင်းသားနှင့် မင်းသမီးသည်
ကလေးဘဝအရွယ်များပင် ရှိသေးသည်။
ထိုပါးရိုက်ခြင်းအတွက် ပြန်ကလဲ့စားချေသည်မှာ
လူပျို၊ အပျိုရွယ်များရောက်သည့်အခါမှ
မင်းသားက လက်စားချေခြင်းဖြစ်သည်။
အတော် အမှတ်သညာကြီးသည့် ဇာတ်ကောင်
ဖြစ်ပေသည်။ မင်းဆွေ၏ ဓားကို ဟိုစဉ်ကပင်
ဖတ်ချင်ခဲ့သည်။ ကိုယ့်အသိများမှ ဖတ်ကောင်းသည်ဟု
ပြောသည်။ ကိုယ်တွေဖတ်ခဲ့သော စာများမှလည်း
ထိုဝတ္ထုမှ စကားလုံးအချို့ကို အမြည်းအနေနဲ့
အနည်းငယ်ဖတ်ခဲ့ရသည်။ ထိုကြောင့် ထိုစာအုပ်ကို
ဖတ်ရန် စိတ်ကူးထားသည်။
တနေ့က ထိုစာအုပ်ကိုဖတ်ခဲ့ရသည်။
ဝတ္ထုဖတ်ပြီး ဇာတ်ကောင် ဇာတ်လိုက်ကို
မြန်မာဂျိန်စ်ဘွန်းဟု ကိုယ်ဟာကို ထင်မှတ်မိသည်။
မင်းသား၏ မျိုးရိုးစဉ်ဆက်က မြန်မာရှင်ဘုရင်လက်ထက်
စစ်မှုထမ်းရွက်ခဲ့သူများဖြစ်သည်။
စစ်မှုထမ်းရာမှာ အသုံးပြုခဲ့သော ဓါး ကို
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သည်။
ထိုဓါးက ဓါးအိမ်မှ ချွတ်ပြီးပါက သွေးသောက်
ရမှဖြစ်သည်။ ဝတ္ထုကို ဖတ်ကြည့်သည့်အခါမှာ
စိတ်ဝင်စားဖွယ်ကောင်းသည်။ မည်သို့ မည်ပုံ
ကောင်းသည်ကို ကိုယ်တိုင်သာ ဖတ်ကြည့်မှ
သိပေမည်။ ကိုယ့်အကြိုက် သူ့အကြိုက်
တူချင်မှ တူပေမည်။ ကျွန်တော်က ဖတ်ကောင်း
ပေသိ မိတ်ဆွေတို့က ဖတ်ကောင်းချင်မှ
ကောင်းပေမည်။ ကိုယ်တွေ မကြိုက်ပေသိ၊
အခြားသူများက ကြိုက်ချင် ကြိုက်ကြပေမည်။
@htwegyi
November 24, 2024