ညက်ညောစွာ မိုက်သူ (2)

in #hive-1221332 months ago

ကျွန်တော့် အကို လူမိုက်ကြီး အကြောင်း
ဆက်လက်ရေးပြရပါအုံးမည်။ လူမိုက်ဟု
ခေါ်ရသည်မှာလည်း သူက အတော်ဂွကျလှသည်။
သူက မိုက်သည်ဟုပြောရအောင် တဖက်သားကို
မိုက်ရိုင်းရမ်းကားသူ မဟုတ်ပါလေ။ သူ့မိဘ
အပေါ်ကို ဆိုးသွမ်းသူသာဖြစ်ပေသည်။
သူ့မိဘအပေါ်မှာလည်း မိဘများကို
အော်ဟစ်ပြောဆိုသူလည်းမဟုတ်ပါ။

မိဘများကို ပြန်မပြော နားမထောင်သူ တဦးဖြစ်သည်။
စကားပြောရာတွင် ညင်ညင်သာသာ
ညက်ညက်ညောညောပြောသည်။ ထိုကြောင့်
မိဘများက သူ့ကို စိတ်မဆိုးရက်ပြန်ပေ။
အခြား မိတ်ဆွေ သူငယ်ချင်းများနှင့်လည်း
စကားကို ချိုချိုသာသာ ပြုံးပြုံးရွှင်ရွှင်ပြောဆိုသည်။
ပြီးတော့ လက်ဖွာသူတဦးလည်းဖြစ်၍
မိတ်ဆွေအပေါင်းအသင်းကလည်း ပေါသည်။

သူဆိုးသည်က မိဘ၏ ငွေကို အသုံးအဖြုန်း
ကြီး၍ ဆိုးသည်ဟုပြောရသည်။ မိဘပိုက်ဆံများ
ဖြင့် သောက်စား၊ လောင်းကစားခဲ့သည်။
ဒီတော့ မိဘများမှာ သားဆိုးသည်ဟု
ပြောရမလို၊ မပြောရမလိုဖြစ်သည်။
လူပုံစံက ရိုးမလိုနှင့် အတော်ကို စွယ်စုံ
သမားဖြစ်သည်။ ထိုကြောင့်ပင် သူသည်
ငယ်ငယ်ရွယ်ရွယ်နှင့် လူ့ဘဝကို စွန့်ခွါသွား
ရသည်။

သူ့နှင့်ပတ်သက်၍ ကျွန်တော့်အကို
စနေသားကြီးက ပြောပြသည်။ သူနှင့်
ကျွန်တော့်အကိုစနေသားတို့က
အချိန်တခုအတွင်း အတူနေခဲ့ရသည်။
သူက အကိုတဝမ်းကွဲဖြစ်ပြီး ကျွန်တော့်ထက်
တနှစ်သာကြီးသည်။ အစ်ကိုစနေသားက
သူ့ထက် တနှစ်ကြီးသည်။ သူ့ အဖေ၊
အမေလုပ်ငန်းကို ကျွန်တော့်အကိုစနေသား
က ဝင်ရောက်လုပ်ကိုင်သည်။ ထိုကြောင့်
လုပ်ငန်းခွင်သို့ သူ လာရောက်နေထိုင်စဉ်
အကိုစနေသားနှင့် တွဲမိခြင်းဖြစ်သည်။

တနေ့မှာ သူက သူ့အမေထံ လုပ်ငန်းလုပ်ရန်ဟုပြော၍
ငွေတောင်းသည်။ မအေဖြစ်သူက
ယုံကြည်မှုတော့မရှိပေ။ သို့ပေသိ ယခင်ကလည်း
ဒီအတိုင်းသုံးစွဲရန် ငွေတောင်းသူဖြစ်သည်။
တောင်းမရပါက ငွေကိုမရ ရအောင်ယူသည်။
ဒီတော့ ယခုအခါ ငွေတောင်းသည်က လုပ်ငန်းဟူ၍
ပြောသည်။ မအေလုပ်သူက သူပြောသလို
ငွေထုတ်ပေးသည်။


Credit Image.

သူသည် ငွေရသောအခါ ဝက်ပေါက်လေး
ငါးကောင်ဝယ်လာသည်။ ထိုဝက်ပေါက်လေး
များကို ခြံခတ်ကာ ကြွေးမွေးပြုစုသည်။
အမေဖြစ်သူကလည်း အတော်သဘောကျ‌
နေသည်။ ဒီတခါ ငါ့သား အဟုတ် အလုပ်လုပ်နေသည်ဟူ၍။ ဝက်ကလေးများ အရွယ်ရောက်
သည်ကို အရိပ်တကြည့်ကြည့်နေသည်။
ဝက်စားဖိုးဟူ၍ ငွေပင်ထုတ်ပေးသည်။

ဝက်ကလေးများ အရွယ်ရောက်လာသည့်
မကြာခင် အချိန်မှာပင် သူသည် ထိုဝက်
ကလေးများကို ရောင်း၍ လောင်းကစား
ပြုလုပ်လိုက်ပါသည်။ ထိုအခါမှာလည်း
အမေဖြစ်သူသည် တဖြစ်တောက်တောက်
ပြောဆို၍ နောက်တကြိမ် ဝက်ပေါက်လေးများ
ဝယ်ပေးပြန်ပါသည်။ ဤသို့ဖြင့် ဝယ်လိုက်
အရွယ်ရောက်လို့ ရောင်းလိုက်ဖြင့် သံသရာလည်နေသည်။

တနေ့မှာတော့ ဝက်ကလေးများက
ဝက်ခြံအတွင်းမှာ ငါးကောင်မှ ခုနှစ်ကောင်
ဖြစ်နေသည်။ သူသည် လောင်းကစားမှ
နိုင်၍ နောက်ထပ် ဝက်နှစ်ကောင်ကိုဝယ်ကာ
ဝက်ခြံအတွင် ထပ်ဖြည့်ထားသည်။
အမေဖြစ်သူရောက်လာသည့်အခါ
ဝက်ခြံမှ ဝက်ကလေးနှစ်ကောင်တိုးသည်ကို
မြင်၍ ပြောသည်။

"ဒါမှ ငါ့သားဟေ့၊ ငါးသားက မလုပ်ချင်လိုပါ။
လုပ်ရင် မြင်တဲ့အတိုင်းဟေ့"

အမေဖြစ်သူက အထက်ပါအတိုင်း ပြောဆိုသည်။
ထိုနေ့က အလုပ်သမားများကို မုန့်ဝယ်ကြွေး၊
လက်ဖက်ရည်များဝယ်တိုက်သွားသည်။
အဲ သို့ပေသိပေါ့လေ သိပ်မကြာပါဘူး။
များမကြာမှီအချိန်မှာတော့ ဝက်ခြံအတွင်းမှ
ဝက်ကလေးများ မရှိပဲ ဟာလာဟင်းလင်း
ဖြစ်နေသည်ကို မြင်ရတဲ့အခါမှာတော့။
အမေဖြစ်သူက သားကို မနိုင်သဖြင့်
အလုပ်သမားများကို မာန်မဲပြောပြန်ပါသည်။
အလုပ်သမားဆိုသည်ကလည်း ဆွေမျိုး
သားချင်းများဖြစ်ပေသည်။

"နင်တို့နဲ့တော့ ခက်သေး။ ကြောင်ကြာကြာ
ရေမငုပ်ပါဘူးဆိုတာ မှန်သဟေ့" ဟူ၍
ပြောပါလေသည်။ အလုပ်သမားများလည်း
သူတို့သားအမိ ကွယ်ရာမှာ ပြုံးကြလေသည်။

@htwegyi
November 5, 2024